တာချီလိတ်မြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်‎

(ပြည်တွင်း)ဧပြီ ၂၉

‎‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ရက် (၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းက မိုင်းဖုန်း (ခ)ကျေးရွာအုပ်စု၊ ဝှေလေလန် ဘုန်းကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။‎‎

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦး ဦးဆောင်၍ ဝန်ထမ်းများကအသက် ၁၀ နှစ်နှင့် ၁၈ နှစ်ပြည့်ပြီးသူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်လိုသူများ၏ Biometric data အချက်အလက်များ စိစစ် ကောက်ယူခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေနှိပ်ခြင်းနှင့် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များထည့်သွင်းခြင်းတို့ပြုလုပ်ကာ UID နံပါတ်ကတ်များ ဆောင်ရွက်‌ပေးနေမှုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။‎‎

အဆိုပါ ရက် (၁၀၀)စီမံချက်ဖြင့် Biometric data ကောက်ယူ၍ UID (Unique Identity) ထုတ်ပေးခြင်းလုပ်ငန်းကို ဧပြီလ ၁၉ ရက်နေ့မှ ယနေ့ထိ တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူ ၃၂၅ ဦး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသူများအား သက်ဆိုင်ရာ ရပ်ကွက်အလိုက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#PAN