(ပြည်တွင်း) ဧပြီ ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ လေပြင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဝန်ထမ်းအိမ်ရာများသည် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ဝန်ထမ်းများ နေထိုင်လျက်ရှိသည့် ယာယီအိမ်ရာများ ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မနေ့ညနေပိုင်းက တိုက်ခတ်ခဲ့သည့် လေပြင်းဒဏ်ကြောင့် အချို့အိမ်ရာများတွင် အမိုးလန်ခြင်းနှင့် အခြားထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက အမိုးအကာများကို အမြန်ဆုံး ပြန်လည်ပြုပြင်ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများအတွက် နေထိုင်ရေးအဆင်ပြေစေရန် လိုအပ်သည့်လုပ်ငန်းများကို အမြန်အကောင်အထည်ဖော်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ၎င်းတို့၏ တင်ပြချက်များအပေါ် လိုအပ်သည့်ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#PAN