

(ပြည်တွင်း) ဧပြီ ၂၈
ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ရက်(၁၀၀) စီမံချက်အရ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အမှတ် (၇) ရပ်ကွက်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို ကော့ကရိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးနှင့် ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်တို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစဉ် လုပ်ငန်းနှင့်ပတ်သက်၍ မရှင်းလင်းသည့် အချက်အလက်များကို မြို့နယ်နှင့် ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးမှ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အစိုးရ၏ ရက်(၁၀၀) စီမံချက်အရ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဧပြီ ၂၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် UID ကတ်ပြုလုပ်ပေးခြင်းအပါအဝင် ဝန်ဆောင်မှုများအား မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ပြည်သူများ အများအပြား လာရောက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က လာရောက်ဝန်ဆောင်မှုရယူနေသော ပြည်သူများအား တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။