


(ပြည်တွင်း) ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် စာတတ်ကူကျေးရွာရှိ အရှိုချင်းအမျိုးသားပြတိုက်တွင် ကျင်းပပြုလုပ်သော ရိုးရာမိုးကောင်းနတ်ပွဲသို့ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးလွှတ်တော်တိုင်းရင်းသားလူမျိုးများဆိုင်ရာကော်မတီ အတွင်းရေးမှူး တက်ရောက် ချီးမြှင့်ပြီး ဒေသခံများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်လင်းတို့သည် ယနေ့ ဧပြီလ ၂၈ ရက်နေ့ မနက် ၈ နာရီက ငဖဲမြို့နယ် စီမံကော်မတီဝင်များ၊ စာပေယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ အဆိုပါအခမ်းအနားတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် နံနက် ၁၀ နာရီတွင် ယင်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ကျေးရွာအသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး မင်းဘူး-မကွေးဒေသသို့ ရောက်ရှိနေသော တိုက်ပွဲရှောင်မိသားစုများမှ ကလေးငယ်များ ပညာသင်ကြားနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်များတွင် လူမျိုးအမည်မှားယွင်းနေမှုများ ပြန်လည်ပြင်ဆင်ပေးရေးနှင့် မြို့နယ်အဆင့် အရှိုချင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဖွဲ့စည်းနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။