(ပြည်တွင်း) ဧပြီ ၇
ပြည်ထောင်စုအစိုးရ ဖွဲ့စည်းရာတွင် “စည်ပင်သာယာရေး ဝန်ကြီးဌာန” ကိုလည်း ထည့်သွင်း၍ ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ နန္ဒာလှမြင့်မှ ဆွေးနွေးခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြသောပြည်ထောင်စုအစိုးရဝန်ကြီးဋ္ဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်ခြင်းနှင့်စပ်လျဉ်းပြီး ယနေ့ ဧပြီလ ၇ ရက်နေ့တွင်ပြုလုပ်သည့် တတိယအကြီမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ဆွေးနွေး တင်ပြခဲ့ခြင်းဖြစ်သည်။
ကလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ နန္ဒာလှမြင့်၏ဆွေးနွေးချက်အပြည့်အစုံမှာ”လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြသောပြည်ထောင်စုအစိုးရဝန်ကြီးဋ္ဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေး တင်ပြလိုပါတယ်။
ကျနော်ကတော့ ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ နန္ဒာလှမြင့် ဖြစ်ပါတယ်။ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အကြံပြုတင်ပြ ဆွေးနွေးမှာကတော့ပြည်ထောင်စုအစိုးရ ဖွဲ့စည်းရာတွင် “စည်ပင်သာယာရေး ဝန်ကြီးဌာန” ကိုလည်း ထည့်သွင်း၍ ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။
ကျွန်တော့အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကလောမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်သည့်အတွက် စည်ပင်သာယာရေး လုပ်ငန်းများကို ထဲထဲဝင်ဝင်လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
၁၉၉၃ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၅/၉၃ ဖြင့် စည်ပင်သာယာရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ လက်အောက်တွင် စည်ပင်သာယာရေးဦးစီးဋ္ဌာန အဖြစ် ထားရှိ ဖွဲ့စည်းခဲ့ပါသည်။
ယင်းသို့ ဖွဲ့စည်းရာတွင် ရန်ကုန်မြို့တော် နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများမှ လွဲ၍ကျန် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရန်နယ်နိမိတ်များ ပိုင်းခြားသတ်မှတ်၍ စည်ပင်သာယာရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် စည်ပင်သာယာရေးအဖွဲ့များသည် မြို့ပြဖွံ့ဖြိုးရေး၊ သန့်ရှင်းသာယာလှပရေးနှင့် မြို့နေလူထု ကျန်းမာရေး၊ရေရရှိရေး လုပ်ငန်းများကို အဓိကဆောင်ရွက်ရသည့် အဖွဲ့အစည်း ဖြစ်ပါသည်။တပ်မတော်အစိုးရလက်ထက်တွင်စည်ပင်သာယာရေးအဖွဲ့ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဋ္ဌာနအောက်တွင် ထားရှိပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သည့်အတွက်မြို့နယ်များဖွံ့ဖြိုးတိုးတက်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၈၈၊ ဇယား (၂) အပိုဒ် (၈)၊ စီမံခန့်ခွဲရေးကဏ္ဍတွင်စည်ပင်သာယာရေးအဖွဲ့များကို ထည့်သွင်းပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရ၏ စီမံခန့်ခွဲမှုအောက်သို့ထည့်သွင်းကာ လုပ်ငန်းများ လုပ်ဆောင်စေခဲ့ရာမှာ အခွန်အခနှင့် ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ပြီးမြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာ လှပရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင်အခက်အခဲများစွာ ရှိလာခဲ့ပါသည်။
မြို့တစ်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှာ စည်ပင်သာယာအဖွဲ့၏စွမ်းဆောင်ရည်အပေါ်တွင် မှီတည်လျက် ရှိပြီး၊ စည်ပင်သာယာရေးလုပ်ငန်းများသည်အဆိုပါနယ်နိမိတ်တွင် နေထိုင်ကြသူများထံမှ ကောက်ခံရရှိသော အခွန်အခ ကောက်ခံငွေဖြင့်သာဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သဖြင့်၊ အခွန်အခ ကောက်ခံရရှိမှုများသည့် မြို့နယ်များတွင်မြို့သာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ပြီး၊ အခွန်အခကောက်ခံရရှိမှုနည်းသည့် မြို့နယ်များတွင် မြို့သာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။
ဒါ့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာငွေခွဲဝေရာတွင် လုံလောက်စွာရရှိမှု မရှိခြင်း၊ဝန်ထမ်း ဖွဲ့စည်းပုံအင်အား မလုံလောက်ခြင်း၊ စက်ယန္တယားအင်အား ပြည့်စုံမှု မရှိခြင်း၊စည်ပင်သာယာရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုအပ်သည့် စည်ပင်ရဲတပ်ဖွဲ့ မရှိခြင်း၊ ဋ္ဌာနပိုင်ကျွမ်းကျင် မြေတိုင်းပညာရှင် မရှိခြင်းတို့ကြောင့် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့ပြများ၏သန့်ရှင်းသာယာလှပမှု ကျဆင်းလာပါသည်။
မြို့နယ်အတွင်းမှ ကောက်ခံရရှိသည့် အခွန်အခပေါ် မူတည်ပြီး ငွေလုံးငွေရင်း ၅၀ ရာခိုင်နှုန်း၊ဝန်ထမ်းလစာနှင့် ပင်စင်အတွက် ၂၀ ရာခိုင်နှုန်း၊ သာမန်အသုံးစရိတ် ၂၀ ရာခိုင်နှုန်း နှင့် စုဆောင်းငွေ ၁၀ရာခိုင်နှုန်း ဖြစ်သဖြင့် ဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရာတွင် ထိရောက်စွာဆောင်ရွက်နိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုအောက်တွင်သာ ထားရှိသည့် အဖွဲ့အစည်းဖြစ်သဖြင့်ဝန်ထမ်းများအနေဖြင့် အခြားဒေသများသို့ ပြောင်းရွှေ့ရန် ခက်ခဲခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးခြင်းစသည့် အခက်အခဲများလည်း ရှိပါသည်။
လက်ရှိအခြေအနေတွင်လည်း လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များ၏ အဖျက်အမှောက်လုပ်ရပ်များကြောင့် ပျက်စီးသွားသော မြို့များကို ပြန်လည် တည်ဆောက်ရာတွင် သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့များ အနေဖြင့် စည်ပင်သာယာနယ်နိမိတ်တွင် နေထိုင်ကြသူများထံမှရရှိသော အခွန်အခ ကောက်ခံရရှိငွေဖြင့်သာ လုပ်ဆောင်ရမည်ဆိုပါက အခက်အခဲများစွာ ရှိနေဦးမည်ဖြစ်သောကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ရပါက ပြည်ထောင်စုအဆင့်ဝန်ကြီးဋ္ဌာန အနေဖြင့်သာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ဆောင်နိုင်မည့်အချက်ကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။
သို့ပါ၍ စည်ပင်သာယာရေးအဖွဲကို ပြည်ထောင်စုအဆင့် ဝန်ကြီးဋ္ဌာနအဖြစ် သတ်မှတ်ပြီး ဘဏ္ဍာငွေလျာထားဆောင်ရွက်မှသာ တပြေးညီ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသောကြောင့်မြို့ပြဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်နှင့် စည်ပင်သာယာရေး လုပ်ငန်းများကို ပြည်ထောင်စုအဆင့်မှကြီးကြပ်ဆောင်ရွက်ပြီး၊ လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရန်စည်ပင်သာယာရေးအဖွဲ့ကို ပြည်ထောင်စုအဆင့် အဖြစ် ဖွဲ့စည်းဆောင်ရွက်လိုခြင်း ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ စည်ပင်သာယာရေးအဖွဲ့ကို .. ပြည်ထောင်စုအဆင့် ဖွဲ့စည်းမည်ဆိုပါက၊ … လက်ရှိတိုင်းဒေသကြီးနှင့် ပြည်နယ် စည်ပင်သာယာရေးကော်မတီများ လုပ်ဆောင်နေသည့် မြို့ပြဖွံ့ဖြိုးမှုလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်ခြင်း၊ စီမံခံ့ခွဲရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များပိုမိုမွေးထုတ်ပေးနိုင်ခြင်း၊ အခွန်ဘဏ္ဍာရရှိမှု ညီမျှမှုရှိနိုင်ခြင်း၊ ပြည်ထောင်စုအစိုးရ အနေဖြင့်လည်းတိုက်ရိုက်ကွပ်ကဲ ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈၊ ဇယား(၂)၊ အပိုဒ် (၈) စီမံခန့်ခွဲရေးကဏ္ဍတွင် ထည့်သွင်းထားသည့် … စည်ပင်သာယာရေးအဖွဲ့ကိုပြည်ထောင်စုအဆင့် အဖြစ် လွှတ်တော်အတွင်း ပြင်ဆင်ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ်ဖွဲ့စည်းဆောင်ရွက်သင့်ပါကြောင်း လေးစားစွာဖြင့် အကြံပြု တင်ပြခြင်း ဖြစ်ပါတယ်။

#PAN