
(လွှတ်တော်) မေ ၁၉
ပေါင်မြို့၊ ပေါင်းရပ်ကွက်ရှိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ ယနေ့နံနက် ၉ နာရီတွင် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခြင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့် (သထုံခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးချမ်းမုံ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးနေမျိုးနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ရပ်မိရပ်ဖများ စုစုပေါင်း (၅၈) ဦးခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်ရုံးဆိုင်းဘုတ်အား စိုက်ထူခြင်းနှင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖြန်းကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးဝင်းအတွင်းရှိ အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ပါတီတာဝန်ရှိသူများတွေ့ဆုံပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါတွေ့ဆုံပွဲတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူ့အသံများကို နားထောင်၍ ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ရပ်ကွက်/ကျေးရွာများမှ တင်ပြချက်များကို သက်ဆိုင်ရာကိုယ်စားလှယ်များထံ အချိန်မီပေးပို့ဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။