“AQI ၂၁၉ ထိမြင့်တက်—တာချီလိတ်တွင် လေထုညစ်ညမ်းမှု ခရမ်းရောင်အဆင့်ရောက်၊ ကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်”

(ပြည်တွင်း) မတ် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI) ၂၁၉ အထိ မြင့်တက်လာပြီး ခရမ်းရောင်အဆင့် (Very Unhealthy) သို့ ရောက်ရှိနေသဖြင့် လေထုညစ်ညမ်းမှုလျော့ချရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။

တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ တိုင်းတာချက်များအရ မတ် ၂၇ ရက်မှ ၂၈ ရက်အတွင်း AQI တန်ဖိုး ၂၁၉ အထိ တိုးမြင့်ခဲ့ပြီး လူမှုကျန်းမာရေးအပေါ် ထိခိုက်နိုင်သည့် အဆင့်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ လေထုအရည်အသွေး ဆိုးရွားလာမှုကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများကဲ့သို့ ထိခိုက်လွယ်အုပ်စုများအနေဖြင့် အထူးသတိပြုရန် လိုအပ်ကြောင်း သက်ဆိုင်ရာဌာနများက အသိပေးထားသည်။

လေထုညစ်ညမ်းမှု လျော့ချရေးအတွက် မတ် ၂၈ ရက် နံနက် ၁၀ နာရီတွင် လေယာဉ်ကွင်းလမ်းဆုံမှ စတင်၍ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၂ စီးဖြင့် ရေမှုန်ရေမွှားများ ပက်ဖြန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တာချီလိတ်ခရိုင်အဆင့် ဝန်ထမ်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က လေယာဉ်ကွင်းလမ်းဆုံ၊ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) မီးပွိုင့်အနီးနှင့် အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်) အနီးတို့တွင် ယာဉ်မောင်းများအား မီးခိုးနှင့် အဆိပ်ဓာတ်ညစ်ညမ်းမှု လျော့ချရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ၁,၃၀၀ ခုနှင့် နှာခေါင်းစည်း (Mask) ၁,၃၀၀ ခုကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများက လေထုညစ်ညမ်းမှု လျော့ချရေးအတွက် လူထုပါဝင်မှု လိုအပ်ကြောင်းနှင့် ယာဉ်မီးခိုးထုတ်လွှတ်မှု လျော့နည်းစေရန်၊ မီးလောင်မှုများကို ထိန်းချုပ်ရန်နှင့် ကျန်းမာရေးကာကွယ်မှုများကို လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

#PAN