
(ပြည်တွင်း) မတ် ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ၂၀၂၆ ခုနှစ် မတ်လကုန်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်မှု ပြင်းထန်နေပြီး ဓာတ်ဆီပြင်ပဈေးတွင် တစ်လီတာလျှင် ကျပ် ၁၀,၀၀၀ ကျော်အထိ မြင့်တက်လာကြောင်း သိရသည်။
မြို့အတွင်းရှိ ဆီဆိုင်များတွင် ဝယ်ယူလိုသူများ အလွန်များပြားသဖြင့် အကန့်အသတ်ဖြင့်သာ ရောင်းချနေရပြီး နာရီရှည်ကြာ တန်းစီစောင့်ဆိုင်းရခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
မနက်အစောပိုင်းမှ စတင်တန်းစီဝယ်ရန် ကြိုးစားသော်လည်း ဆီရရှိရန် အခက်အခဲများ ဆက်လက်ဖြစ်နေကြောင်း ဒေသခံများက ပြောကြားသည်။
ဆီဆိုင်များတွင် အိုးဝေတစ်စီးလျှင် ဓာတ်ဆီ ၉၂ လီတာကို တစ်လီတာလျှင် ကျပ် ၄,၀၀၀ ကျော်ဖြင့် ကန့်သတ်ရောင်းချနေပြီး တစ်ကြိမ်လျှင် ကျပ် ၂၀,၀၀၀ ဖိုးခန့်သာ ဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့အပြင် ပြင်ပဈေးတွင် ဆီတစ်ဗူးကို အနည်းဆုံး ကျပ် ၁၀,၀၀၀ ပေးရသည်ဟု သိရသည်။
ယခင်က ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၆,၀၀၀ ဖိုးခန့် ဝယ်ယူနိုင်ခဲ့သော်လည်း ယခုအခါတွင် ကျပ် ၂,၀၀၀ မှ ၃,၀၀၀ ဖိုးသာ ကန့်သတ်ရောင်းချနေရသည်ဟု ဒေသခံများက ဆိုသည်။
လက်ရှိ စက်သုံးဆီပြတ်လပ်မှုကြောင့် ဒေသခံများ၏ နေ့စဉ်သွားလာရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများထိခိုက်နေပြီး ဆီရရှိမှုအခက်အခဲကြောင့် စီးပွားရေးလှုပ်ရှားမှုများလည်း အနည်းဆုံးသက်ရောက်မှုရှိနေကြောင်း သိရသည်။