
(နိုင်ငံတကာ)မေ ၁၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် (Donald Trump) ၏ တရုတ်နိုင်ငံခရီးစဉ် ပြီးဆုံး၍ ထွက်ခွာသွားခဲ့ပြီး နောက်တစ်နေ့မှာပင် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)သည် တရုတ်နိုင်ငံသို့ တရားဝင်ခရီး စဉ်အဖြစ် လာမည့် မေလ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ သွားရောက်မည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ထုတ်ပြန်ကြေညာလိုက်သည်။
ကရင်မလင်၏ ထုတ်ပြန်ချက်အရ သမ္မတပူတင် သည် ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် တွေ့ဆုံကာ မော်စကိုနှင့် ပေကျင်းအကြား “ဘက်စုံမိတ်ဖက်ဆက်ဆံရေးနှင့် မဟာ ဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်မှုများကို ပိုမိုခိုင်မာစေရန်” ဆွေးနွေးသွားကြမည်ဖြစ် သည်။ ထို့ပြင် တရုတ်ဝန်ကြီးချုပ် လီချန် (Li Qiang)နှင့်လည်း စီးပွားရေးနှင့် ကုန်သွယ်မှု ကဏ္ဍများအပေါ် အသေး စိတ် ဆွေးနွေးရန် ရှိသည်။
ရုရှား၏ တာ့စ် (TASS) သတင်းအေဂျင်စီက ယခုခရီး စဉ်သည် ၂၀၀၁ ခုနှစ်က နှစ်နိုင်ငံအကြား လက် မှတ်ရေးထိုးခဲ့သည့် “အိမ်နီးချင်းကောင်းပီသမှုနှင့် ချစ်ကြည်ပျက်လဲစွာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်” ၏ ၂၅ နှစ်ပြည့် အထိမ်း အမှတ်အဖြစ် အချိန်ကိုက် သွားရောက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
သမ္မတထရန့်သည် ဆယ်စုနှစ်တစ်ခုနီးပါးကာလအတွင်း အမေရိကန်သမ္မတတစ်ဦးအနေဖြင့် ပေကျင်းသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ တရုတ်သမ္မတနှင့် ကုန် သွယ်ရေးဆိုင်ရာ သဘောတူညီချက်အချို့ ဆွေးနွေးခဲ့သော်လည်း တိုင်ဝမ်အရေးနှင့် လက်ရှိဖြစ်ပွားနေသော အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် ဆင်နွှဲသည့်စစ်ပွဲ စသည့် အဓိက သဘော ထားကွဲလွဲချက်များအပေါ် တစ်စုံ တစ်ရာ ထူးခြား သော တိုးတက်မှု ပြသနိုင်ခြင်း မရှိခဲ့ပေ။
တစ်ဖက်တွင်လည်း တရုတ်နိုင်ငံသည် ရုရှား-ယူကရိန်းစစ်ပွဲတွင် တရားဝင်အားဖြင့် ကြားနေနိုင်ငံအဖြစ် ရပ်တည်ကာ ရှီကျင့်ဖျင်က ၎င်းကိုယ်ကိုယ် ကြားဝင်စေ့စပ်ပေးသူအဖြစ် ပုံဖော်ထားသော်လည်း၊ ရုရှားနှင့် တရုတ်အကြားရှိနေသည့် “အတားအဆီးမရှိ” (No limits) မဟာမိတ်ပြုမှုက ထိုကြားနေမှုကို မေးခွန်း ထုတ်စရာ ဖြစ်စေခဲ့သည်။
အထူးသဖြင့် တရုတ်ကုမ္ပဏီများက စက်မှုလုပ်ငန်းသုံး ရေခဲသေတ္တာအစိတ်အပိုင်းများအဖြစ် အမည်လွှဲ၍ ရုရှားထံ ဒရုန်းအင်ဂျင်များ တင်ပို့နေသည်ဟူသော သတင်းများကို တရုတ်ဘက်က ငြင်းဆိုထားသော်လည်း ဝါရှင်တန်ကမူ ယင်းအပေါ် စိုးရိမ်လျက်ရှိသည်။
အမေရိကန်နှင့် တရုတ်အကြား ဆက်ဆံရေး တင်း မာမှုများနှင့် ရင်ဆိုင်နေရသော်လည်း မော်စကိုနှင့် ပေကျင်း၏ ဆက်ဆံရေးမှာမူ လပိုင်းအတွင်း ပိုမိုခိုင်မာလာခဲ့သည်။ အနောက်နိုင်ငံများက ရုရှားအပေါ် ပိတ် ဆို့အရေးယူမှုများ ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသည် ရုရှား၏ ရေနံနှင့် ကုန်စည်များကို အဓိက ဝယ်ယူပေးသည့် အကြီးမားဆုံးသော ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။
လက်ရှိတွင် နှစ်နိုင်ငံအကြား အရောင်းအဝယ် ကိစ္စရပ်များကို အမေရိကန်ဒေါ်လာကို ရှောင်ကွင်း၍ ရုရှားရူဘယ်နှင့် တရုတ်ယွမ်ငွေတို့ဖြင့်သာ လုံးဝနီးပါး လုပ် ဆောင်နေကြသည်။ သမ္မတ ရှီကျင့်ဖျင်သည်လည်း ပြီးခဲ့သည့်နှစ်က ရုရှားသို့ သွားရောက်ခဲ့စဉ် အနောက် နိုင်ငံများ၏ “တစ်ဖက် သတ်ဝါဒနှင့် ဗိုလ်ကျစိုးမိုးရေး လုပ်ရပ်များ” ကို ဆန့်ကျင်ရာတွင် မော်စကိုနှင့်အတူ အတူတကွ ရပ်တည်သွားမည်ဟု ကတိပြုခဲ့ဖူးသည်။
#PutinToChina #XiJinping #TrumpVisit #RussiaChinaAlliance #GlobalPolitics #PositiveAngleNews #BreakingNews #Diplomacy
Telegram»…
https://t.me/positiveanglenews
#PAN