“ကေအဲန်ယူက ဒူးပလာယာခရိုင်တွင် ‘ရာမတီး’အမည်ဖြင့် မြို့နယ်အသစ်  ဖွဲ့စည်း—ပထမအကြိမ် ကွန်ကရက်ကျင်းပ”

(ပြည်တွင်း) မတ် ၂၈


ကေအဲန်ယူ (ကရင်အမျိုးသားအစည်းအရုံး) ဒူးပလာယာခရိုင်တွင် မြို့နယ်အသစ်တစ်ခု ထပ်မံဖွဲ့စည်းပြီး ပထမအကြိမ် မြို့နယ်ကွန်ကရက်ကို ကျင်းပခဲ့ကြောင်း သိရသည်။
ကေအဲန်ယူ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြို့နယ်အဆင့်တွင် (၄) နှစ်တစ်ကြိမ် ကွန်ကရက်ကျင်းပ၍ ရွေးကောက်ပွဲများ ပြုလုပ်လျက်ရှိပြီး ဒူးပလာယာခရိုင်တွင် ယခင်က ဝင်းရေး၊ နို့တကော၊ ကျုံဒိုးနှင့် ကော့ကရိတ် မြို့နယ် (၄) ခုရှိခဲ့သည်။


နယ်မြေအကျယ်အဝန်းနှင့် အုပ်ချုပ်ရေးလိုအပ်ချက်များအရ ဒေါနအရှေ့ခြမ်းရှိ ဒေသများကို အခြေခံ၍ “ရာမတီးမြို့နယ်” ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အသစ်ဖွဲ့စည်းခဲ့ပြီး မတ်လ ၂၃ ရက်မှ ၂၅ ရက်အထိ (၃) ရက်ကြာ ပထမအကြိမ် မြို့နယ်ကွန်ကရက်ကို ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ ကွန်ကရက်ကို ခရိုင်အမြဲတမ်းကော်မတီခေါင်းဆောင်များ ဦးဆောင်တက်ရောက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ၊ တပ်ပိုင်းဆိုင်ရာနှင့် ကျေးရွာအုပ်စုကိုယ်စားလှယ်များ ပါဝင်ရွေးကောက်တင်မြှောက်ကာ ကျင်းပခဲ့သည်။


ရာမတီးမြို့နယ် ပထမအကြိမ်ကွန်ကရက်တွင် ကိုယ်စားလှယ် (၁၉၅) ဦး ပါဝင်ခဲ့ပြီး မြို့နယ်အမြဲတမ်းကော်မတီဝင် (၃၁) ဦးကို ရွေးချယ်တင်မြှောက်ခဲ့သည်။ ထိုအနက် ပဒိုစောဖာတယားအား ဥက္ကဋ္ဌအဖြစ်၊ ဒုဗိုလ်မှူးကြီး စောကိုကို (ခ) စောဒါဘောအား ဒုတိယဥက္ကဋ္ဌအဖြစ်၊ ပဒိုစောဟဲခုအား အတွင်းရေးမှူးအဖြစ်နှင့် ပဒိုနော်အဲ့ထူးစေကို တွဲဘက်အတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။


ထို့ပြင် ကေအဲန်ယူ၏ အခြေခံဖွဲ့စည်းပုံအရ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာ၊ သစ်တော၊ ဘဏ္ဍာရေးနှင့် သယ်ယူပို့ဆောင်ရေး စသည့် ဌာနဆိုင်ရာများ၏ ဌာနမှူးများကို ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး တရားစီရင်ရေးနှင့် နိုင်ငံရေး/စည်းရုံးရေး ကော်မတီများကိုလည်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။


ထို့အပြင် နိုင်ငံရေးနှင့် စည်းရုံးရေးကော်မတီအောက်တွင် လုပ်ငန်းကော်မတီ (၈) ခုဖြစ်သည့် နိုင်ငံရေး၊ ပညာပေးနှင့် စည်းရုံးရေး၊ သုတေသန၊ မှတ်တမ်းထိန်းသိမ်းရေး၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ကရင်လူငယ်အစည်းအရုံး (KYO) နှင့် ကော်သူးလေအလုပ်သမားသမဂ္ဂ (FTUK) တို့ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

#PAN