(စီးပွားရေး) မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေစပါးရိတ်သိမ်းရာတွင် တောင်သူလယ်သမားများ ကြုံတွေ့နေရသည့် စက်သုံးဆီအခက်အခဲကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

နွေစပါးရိတ်သိမ်းရန် လိုအပ်သည့် စက်သုံးဆီရရှိရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းစိန်သည် မတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီတွင် တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ လှည်းဆိပ်၊ ကံကလေး၊ ဆိပ်ဖူးနီနှင့် ကျုံဖားရိုး စသည့် ကျေးရွာများမှ တောင်သူလယ်သမားများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း ဦးကျော်ဝင်းစိန်က တောင်သူများ၏ လိုအပ်ချက်များကို နားထောင်ခဲ့ပြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ကာ မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆီဆိုင်များမှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စက်သုံးဆီများကို တောင်သူများအတွက် ခွဲတမ်းအလိုက် ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တောင်သူများဘက်မှလည်း လက်ရှိဆီဆိုင်များအနေဖြင့် အစိုးရသတ်မှတ်စျေးနှုန်းဖြင့် မရောင်းချဘဲ မှောင်ခိုစျေးဖြင့် ရောင်းချနေမှုများကို ထိထိရောက်ရောက် ကိုင်တွယ်ပေးရန် တောင်းဆိုခဲ့ကြပြီး နေ့စဉ်လိုအပ်ချက်များ ပြည့်မီစေရန် တောင်သူတစ်ဦးချင်းအလိုက် အနည်းဆုံး သတ်မှတ်ပမာဏဖြင့် ရောင်းချပေးရန် လိုလားကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တောင်သူများက လက်ရှိအချိန်သည် နွေစပါးရိတ်သိမ်းရာ ကာလဖြစ်သဖြင့် စက်ကြီးများအတွက် Premium Diesel မဖြစ်မနေ လိုအပ်နေကြောင်း၊ အစိုးရသတ်မှတ်စျေးနှုန်းဖြစ်သော တစ်ပေပါလျှင် ကျပ် ၁၂၈၀၀၀၀ ခန့်ရှိသော်လည်း လက်တွေ့ဈေးကွက်တွင် ကျပ် ၂၄၀၀၀၀၀ အထိ မြင့်တက်နေကြောင်း တင်ပြခဲ့သည်။
၎င်းအပြင် စပါးဈေးနှုန်းများမှာလည်း တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀ ဝန်းကျင်သာ ရရှိနေခြင်းကြောင့် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့် တွဲဖက်ပြီး တောင်သူများအတွက် အခက်အခဲများ ပိုမိုဖြစ်ပေါ်နေကြောင်း သိရသည်။
#PAN