PDF ၅၀၆ ဦး အလင်းဝင်လာတယ်လို့ သတင်းထွက်ပေါ်နေ

(ပြည်တွင်း) မတ် ၁၉

မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ PDF ၅၀၀ ကျော် အလင်းဝင်တဲ့ပွဲတစ်ခု ဒီနေ့မနက်ပိုင်းမှာပြုလုပ်နေတဲ့ သတင်းတွေပြန့်နှံ့နေပြီး တရားဝင်သတင်းမထုတ်ပြန်သေးပေမယ့် သတင်းအချက်အလက်တစ်ချို့နဲ့ သတင်းဓာတ်ပုံတွေကတွေတော့ ထွက်ရှိလာပါတယ်။

ပြန့်နှံ့နေတဲ့ သတင်းအချက်အလက်တစ်ချို့အရ သေနတ် ၇၈ လက်၊ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တဲ့ PDF အဖွဲဝင် အမျိုးသား(၄၅၃)ဦးနဲ့ အမျိုးသမီး(၅၃)ဦး၊ စုစုပေါင်း ၅၀၆ ဦးတို့ကို တာဝန်ရှိသူတွေက ထောက်ပံ့ငွေတွေပေးအပ်ခဲ့သလို မိဘအုပ်ထိန်းသူတွေထံ လွှပြောင်းပေးအပ်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။

ရွေးကောက်ပွဲအပြီး နိုင်ငံရေးအပြောင်းအလဲတွေ စတင်နေချိန်လည်းဖြစ်သလို နပခ နယ်မြေအတွင်းကို အလင်းဝင်ရောက်လာကြတဲ့ PDF တွေအနက် အခုတစ်ကြိမ်အလင်းဝင်ရောက်လာတာဟာယခင်ကထက် စံချိန်တင်မြင့်တက်သလို အခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလည်း အလင်းဝင်ရောက်မှုတွေရှိလာမယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေကပြောပါတယ်။

မန္တလေးကို အလင်းဝင်လာတဲ့ PDF တွေဟာ မောင်းပြန်ရိုင်ဖယ်တွေ၊ ၅.၅၆ကျည်တွေ၊ ၇.၆၂ ကျည်တွေအပြင် လက်လုပ်သေနတ်တွေ၊ RPG ထိပ်ဖူးတွေ၊ လက်ပစ်ဗုံးတွေ၊ မိုင်းတွေ၊ ၄၀ မမ ကျည်တွေနဲ့အတူ အလင်းဝင်လာတာလို့ သတင်းဓာတ်ပုံတွေကိုအရ ခန့်မှန်းလို့ရပါတယ်။

အခုအဝင်လာကြတဲ့ PDF အများစုဟာ မန္တလေးတော်လှန်ရေးနှင့်ကာကွယ်ရေးအဖွဲ့တွေကအများဆုံးဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပြီး ပြီးခဲ့တဲ့ မတ်လ ၁၇ရက်နေ့ကထုတ်ပြန်တဲ့ အဲ့ဒီအဖွဲ့ရဲ့ထုတ်ပြန်ချက်တစ်ခုမှာတော့ “လက်ရှိအချိန်မှာ တော်လှန်ရေးရဲဘော်တွေကို စစ်ကောင်စီကနည်းလမ်းမျိုးစုံနဲ့ဆက်သွယ်၍ ဘက်ပြောင်းခိုလုံရန် စည်းရုံးမှုများကြောင့် တော်လှန်ရေးရဲဘော်တွေ ဘက်ပြောင်းခိုလုံမှုများစွာဖြစ်ပေါ်နေပါသည်” လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ရွေးကောက်ပွဲအပြီးတက်လာမယ့် ရွေးကောက်ခံအစိုးရလက်ထက်မှာ အကြမ်းဖက်မှုတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေဟာ ပျောက်ကွယ်သွားမှာဖြစ်သလို အခြားလက်နက်ကိုင် EAOs တွေအနေနဲ့လည်း ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ရောက်ရှိလာဖို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေမျှော်လင့်နေကြပါတယ်။