အီရန်အပေါ် စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ရေနံအကျပ် အတည်းကနေ အမေရိကန် အကျိုးအမြတ်ရမှာလား

(နိုင်ငံတကာ) မတ် ၆
(သတင်းဆောင်းပါး)

     အီရန်စစ်ပွဲ အခြေအနေကြောင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဈေးနှုန်းများ ထိုးတက်နေချိန်တွင် အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံမှ တင်ပို့သူများအတွက် ဈေးကွက်အတွင်း လိုအပ်ချက်ကို ဖြည့် ဆည်းပေးရန် အခွင့်အလမ်းသစ်တစ်ခု ဖြစ်ပေါ်လာနိုင်ပါသည်။

    ကြာသပတေးနေ့မှာ ပဋိပက္ခ ခြောက်ရက်မြောက်နေ့ကို ဝင်ရောက်လာတာနဲ့အမျှ အခြေအနေကို အနီးကပ် လေ့လာကြည့်ရအောင်။

ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ အကျပ် အတည်းမှာ အဘယ်ကြောင့် အရှိန်မြင့်တက်နေသနည်း?

    ယင်းအတွက် အဓိကအကြောင်းရင်း နှစ်ခုရှိပါသည် ပထမအချက်မှာ အလွန်အရေးပါသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ကုန်စည်ပို့ဆောင်မှုများ ပြတ်တောက်သွားခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ ပင်လယ်ကွေ့နိုင်ငံများရှိ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရခြင်းကြောင့် လုပ်ငန်းလည်ပတ်မှုများကို ထိခိုက်စေခြင်းဖြစ်ပါသည်။

ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)

    အီရန်နှင့် အိုမန်နိုင်ငံကြားရှိ ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာတစ်ဝှမ်းသုံးစွဲနေသော ရေနံစုစုပေါင်း၏ ငါးပုံတစ်ပုံနှင့် ကမ္ဘာ့အအေးခံသဘာဝဓာတ်ငွေ့ (LNG) ၏ ၂၀ ရာခိုင်နှုန်းခန့်ကို တင်ပို့ရာ အဓိကလမ်း ကြောင်းဖြစ်သည်။ ပြီးခဲ့သည့်စနေနေ့တွင် စတင်ခဲ့သော အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ယခုသီတင်းပတ်အစောပိုင်းတွင် အီရန်ဘက်က ထိုဒေသရှိ သင်္ဘောများကို တိုက်ခိုက်ခဲ့ပြီးနောက် ရေကြောင်းသွားလာမှုများမှာ လုံးဝနီးပါး ရပ် တန့်သွားခဲ့သည်။



     အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ယင်းရေလက်ကြားကို “ပိတ်လိုက်ပြီ” ဖြစ်ကြောင်းနှင့် ထိုရေပြင်ကို ဖြတ်သန်းရန် ကြိုးပမ်းသည့် မည်သည့်သင်္ဘောကိုမဆို “မီးတိုက်ဖျက်ဆီးမည်” ဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာခဲ့သည်။

     အရှေ့အလယ်ပိုင်းပင်လယ်ကွေ့အတွင်း ဆိပ်ကမ်းကပ်ထားစဉ် “ဝေဟင်မှ တိုက်ခိုက်မှုများ” ကြောင့် အမေရိကန်အလံတင် ကုန်တင်သင်္ဘော Stena Imperative ထိခိုက်ပျက်စီးခဲ့ကြောင်း သင်္ဘောပိုင်ရှင် Stena Bulk နှင့် အမေရိကန်အခြေစိုက် စီမံခန့်ခွဲရေးကုမ္ပဏီ Crowley တို့က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် သင်္ဘောကျင်းအလုပ် သမားတစ်ဦး သေဆုံးခဲ့ရသည်။

     ဟွန်ဒူးရပ်စ် (Honduras) အလံတင်ထားသည့် Nova အမည်ရှိ သင်္ဘောကို ဒရုန်းနှစ်စင်းဖြင့် တိုက် ခိုက်ခဲ့ပြီး ဟော်မုဇ်ရေလက်ကြားအတွင်း မီးလောင်ကျွမ်းလျက် ရှိနေသည်ဟု အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ပြောကြားကြောင်း အီရန်သတင်းဌာနများက အင်္ဂါနေ့တွင် ဖော်ပြခဲ့ကြသည်။

     ယခုဖြစ်ပွားနေသော ပဋိပက္ခအတွင်း စုစုပေါင်းအားဖြင့် အနည်းဆုံး ရေနံတင်သင်္ဘော ငါးစင်း ထိခိုက်ပျက်စီးခဲ့ပြီး၊ ဝန်ထမ်း နှစ်ဦး သေဆုံးကာ ရေလက် ကြားတစ်ဝိုက်တွင် သင်္ဘောအစင်းပေါင်း ၁၅၀ ခန့် ပိတ်မိနေပါသည်။

     ကုန်သွယ်မှုလမ်းကြောင်း ပြတ်တောက်သွားခြင်းနှင့် ရေလက်ကြားအား ကာလရှည်ပိတ်ထားမည်ကို စိုးရိမ်ခြင်းတို့ကြောင့် ရေနံနှင့် ဥရောပသဘာဝဓာတ် ငွေ့ဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှုများ အကြိမ်ကြိမ် ရပ်ဆိုင်းသွားရခြင်းကြောင့် Brent crude ရေနံစိမ်းဈေးနှုန်းမှာ ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့သည်။


     ကမ္ဘာ့ကုန်သေတ္တာတင်သင်္ဘော (Container ships) စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်မှာ လက်ရှိတွင် ပိတ်ဆို့မှုများကြား၌ သောင်တင်နေပြီး၊ မကြာမီအချိန်အတွင်း ဥရောပနှင့် အာရှရှိ ဆိပ်ကမ်းများနှင့် ကုန် ပစ္စည်းအဆင့်ဆင့်တင်ပို့ရာ ဗဟိုစခန်းများတွင် ကုန်စည်များ စုပုံလာနိုင်ကြောင်း ONE (Ocean Network Express) သင်္ဘောလိုင်း၏ စီအီးအို Jeremy Nixon က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

     သင်္ဘောသွားလာမှုများကို ခြေရာခံသည့် Marine Traffic ပလက်ဖောင်းမှ အချက်အလက်များအရ ရေနံတင်သင်္ဘောများသည် အီရတ်၊ ဆော်ဒီအာရေဗျနှင့် သဘာဝဓာတ်ငွေ့ (LNG) အများဆုံးထုတ်လုပ်သည့် ကာတာနိုင်ငံတို့အပါအဝင် ပင်လယ်ကွေ့ဒေသရှိ အဓိကရေနံထုတ်လုပ်ရာ နိုင်ငံများ၏ ကမ်းလွန်ပင်လယ်ပြင်တွင် စုပြုံရပ်နားနေကြကြောင်း သိရသည်။

စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရခြင်း

     ကမ္ဘာ့အကြီးဆုံး အအေးခံသဘာဝဓာတ်ငွေ့ (LNG) ထုတ်လုပ်သူဖြစ်သည့် ကာတာနိုင်ငံပိုင် QatarEnergy ကုမ္ပဏီက ၎င်းတို့၏ ရပ်စ်လာဖန် (Ras Laffan) နှင့် မေဆာအိဒ် (Mesaieed) ရှိ လုပ်ငန်းခွင်များ အီရန်၏ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် LNG ထုတ်လုပ်မှုများကို ရပ်ဆိုင်းလိုက်ကြောင်း တနင်္လာနေ့တွင် ကြေညာခဲ့သည်။

     အီရန်အရာရှိများကမူ QatarEnergy ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း လူသိရှင်ကြား ငြင်းဆိုထားသည်။

     ဆော်ဒီအာရေဗျနိုင်ငံတွင်လည်း ၎င်းတို့၏ အကြီးဆုံး ပြည်တွင်းရေနံချက်စက်ရုံဖြစ်ပြီး Saudi Aramco က စီမံခန့်ခွဲသည့် ရပ်စ်တာနူရာ (Ras Tanura) စက်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရသည်။ အီရန်ဒရုန်းနှစ်စင်းကို ကြားဖြတ်ပစ်ချရာမှ ကျလာသည့် အပျက်အစီးများကြောင့် မီးလောင်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

     အီရန်၏ တတ်စ်နင်းမ် (Tasnim) သတင်းဌာနက အမည်မဖော်လိုသူ အီရန်စစ်ဘက်သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ ‘Aramco အပေါ် တိုက်ခိုက်မှုသည် အစ္စရေး၏ လုပ်ကြံဖန်တီးမှု (False flag operation) သာ ဖြစ်သည်’ ဟု ဖော်ပြခဲ့သည်။ အစ္စရေး၏ ရည်ရွယ်ချက်မှာ ‘အီရန်ရှိ အရပ်ဘက်နေရာများကို တိုက်ခိုက်နေသည့် ၎င်းတို့၏ ရာဇဝတ်မှုများမှ ဒေသတွင်းနိုင်ငံများ၏ အာရုံကို လွှဲပြောင်းရန်ဖြစ်သည်’ ဟု အဆိုပါ သတင်းရင်းမြစ်က ဖြည့်စွက်ပြောကြားခဲ့သည်။

     ဒေသတွင်းရှိ အမေရိကန်နှင့် အစ္စရေးတို့၏ အကျိုး စီးပွားများ၊ အဆောက်အအုံများနှင့် လုပ်ငန်းဆောင်တာအားလုံးကို ပစ်မှတ်ထားမည်ဟု အီရန်က ပွင့်ပွင့်လင်းလင်း ကြေညာထားပြီးဖြစ်သလို လက်ရှိအချိန်အထိလည်း အများအပြားကို တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ သို့သော် Aramco အဆောက်အအုံများသည် ယနေ့အထိ အီရန်၏ တိုက်ခိုက်မှုပစ်မှတ်များထဲတွင် မပါဝင်သေးပါ’ ဟု ၎င်းသတင်းရင်းမြစ်က အဆိုပါသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဤဒေသမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ မည်မျှအထိ ထုတ်လုပ်နေသနည်း?

      ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သည် ကမ္ဘာတစ်ဝှမ်း သုံးစွဲနေသော ရေနံနှင့် အအေးခံသဘာဝဓာတ်ငွေ့ (LNG) စုစုပေါင်း၏ ငါးပုံတစ်ပုံခန့်ကို တင်ပို့ပေးနေသည်။ ယင်းတို့ကို ဆော်ဒီအာရေဗျ၊ အီရတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ကူဝိတ်နှင့် ကမ္ဘာ့တတိယအကြီးဆုံး LNG တင်ပို့သူဖြစ်သည့် ကာတာနိုင်ငံတို့ကဲ့သို့ ပင်လယ်ကွေ့ထုတ်လုပ်သူများထံမှ ရရှိခြင်းဖြစ်သည်။



     ထိုရေလက်ကြားမှတစ်ဆင့် ကုန်စည်စီးဆင်းမှုတစ်စုံတစ်ရာ ပြတ်တောက်သွားပါက အာရှနှင့် ဥရောပရှိ သဘာဝဓာတ်ငွေ့ဈေးကွက်များကို တိုက်ရိုက်ထိခိုက်စေပါသည်။

      ထို့အပြင် အရှေ့အလယ်ပိုင်းဒေသသည် ကမ္ဘာ့အကြီးဆုံး ရေနံသိုလှောင်မှု ပမာဏ (Oil reserves) ခုနစ်ခုအနက် ငါးခု တည်ရှိရာနေရာလည်း ဖြစ်သည်။ ကမ္ဘာ့ရေနံသိုလှောင်မှုနှင့် တင်ပို့မှု စုစုပေါင်း၏ ထက်ဝက်နီးပါးမှာ ဤဒေသမှ ထွက်ရှိခြင်းဖြစ်ပါသည်။

     ရေနံသိုလှောင်မှုပမာဏ စည်ပေါင်း ၃၀၃ ဘီလီယံရှိသည့် ဗင်နီဇွဲလားနိုင်ငံပြီးနောက်၊ ဆော်ဒီအာရေဗျနိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ရေနံစိမ်းသိုလှောင်မှုပမာဏကို ပိုင်ဆိုင်ထားပြီး ခန့်မှန်းခြေ စည်ပေါင်း ၂၆၇ ဘီလီယံ ရှိပါသည်။ အီရန်နိုင်ငံတွင် စည်ပေါင်း ၂၀၉ ဘီလီယံ၊ အီရတ်တွင် ၁၄၅ ဘီလီယံ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တွင် ၁၁၃ ဘီလီယံနှင့် ကူဝိတ်နိုင်ငံတွင် ၁၀၂ ဘီလီယံ အသီးသီး ရှိကြသည်။

     ရေနံစိမ်းသာမက အရှေ့အလယ်ပိုင်းဒေသသည် သဘာဝဓာတ်ငွေ့ကဏ္ဍတွင်လည်း ကမ္ဘာ့အင်အားကြီးဒေသတစ်ခုဖြစ်ပြီး၊ ကမ္ဘာ့သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုစုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းနီးပါးနှင့် ကမ္ဘာ့ဓာတ်ငွေ့သိုက် စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့် တည်ရှိရာဒေသ ဖြစ်ပါသည်။

အရှေ့အလယ်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့အပေါ် မည်သူတို့က အားအထားရဆုံးလဲ?

     အာရှနှင့် ဥရောပတိုက်တို့သည် အရှေ့အလယ်ပိုင်းမှထွက်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့အပေါ် အလွန် အမင်း မှီခိုနေကြရသည်။ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် ရေနံစိမ်းများကို အများဆုံးဝယ်ယူသည့် နိုင်ငံများဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် အဆိုပါ အာရှနိုင်ငံများ၏ ဝယ်ယူမှုမှာ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် စီးဆင်းသော ရေနံစိမ်းနှင့် အပေါ့စားရေနံ (Condensate) စုစုပေါင်း၏ ၆၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

     ၎င်းတို့၏ သဘာဝဓာတ်ငွေ့လိုအပ်ချက် ၂၀ ရာခိုင်နှုန်းကို ဤဒေသမှ တင်သွင်းနေရသည့် တောင်ကိုရီးယားနိုင်ငံကမူ ၎င်းတို့ထံရှိ အအေးခံသဘာဝဓာတ် ငွေ့ (LNG) လက်ကျန်မှာ နောက်ထပ် ကိုးရက်စာသာ ကျန်ရှိတော့ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ တောင်ကိုရီးယားသမ္မတ လီဂျေမျောင် (Lee Jae Myung) က အဆမတန် မြင့်တက်လာသော စွမ်းအင်ဈေးနှုန်းများကို ဖြေရှင်းရန်အတွက် ဝမ် ၁၀၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၈.၃ ဘီလီယံ) တန်ဖိုးရှိ စီးပွားရေးတည်ငြိမ်မှု ရန်ပုံငွေတစ်ရပ်ကို ထူထောင်ကြောင်း ကြေညာခဲ့သည်။

     “ယူကေအခြေစိုက် Chatham House ၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက အစီအစဉ်မှ သုတေ သီတစ်ဦးဖြစ်သူ နေးလ်ကွီလီယမ် (Neil Quilliam) က ‘ဒါဟာ ကမ္ဘာ့စွမ်းအင်ဈေးကွက်အတွက် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်ပြီး အလွယ်တကူနဲ့ အစားထိုးဖို့ မဖြစ်နိုင်ပါဘူး’ ဟု Al Jazeera သို့ ပြောကြားခဲ့သည်။

     ပဲရစ်အခြေစိုက် အစိုးရချင်းချိတ်ဆက်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့အစည်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ထားကြသော အမေရိကန်၊ တရုတ်၊ အိန္ဒိယနှင့် သြစတြေးလျ ကဲ့သို့သော နိုင်ငံများသည် ယေဘုယျအားဖြင့် မဟာဗျူဟာမြောက် ရေနံအရန်သိုလှောင်မှုများနှင့် စီးပွားရေးဆိုင်ရာ အရန်ရိက္ခာများကို ထိန်းသိမ်းထားလေ့ရှိကြောင်း ကွီလီယမ်က ရှင်းပြခဲ့သည်။

      ကာလတိုအတွင်း ကြီးမားသော ထောက်ပံ့မှုပြတ်တောက်မှုများ ကြုံတွေ့ရပါက အဆိုပါ အရန်သိုလှောင်မှုများကို ထုတ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။

     ထုတ်လုပ်မှုအပိုင်းကတော့ နောက်ထပ်ကိစ္စတစ်ခုပါ’ ဟု ၎င်းက ဆိုသည်။ ‘လက်ရှိအချိန်အထိတော့ ပင်လယ် ကွေ့ဒေသရှိ စွမ်းအင်ဆိုင်ရာ ပိုင်ဆိုင်မှုများအပေါ် အီရန်၏ တိုက်ခိုက်မှုများသည် ကုစားမရနိုင်လောက်အောင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုမျိုး မဖြစ်ပေါ်စေသေးပါ။ ထို့ကြောင့် ရေလက်ကြား ပြန်ဖွင့်ချိန်တွင် ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်စတင်နိုင်မည်ဆိုပါက ဈေးကွက်အနေဖြင့် အတိုင်းအတာတစ်ခုအထိ စိတ်သက်သာရာ ရသွားနိုင်ပါတယ်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ မည်သို့ဖြစ်ပေါ်နေသနည်း?

     ကြာသပတေးနေ့တွင် ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့သည်။ Brent crude ရေနံစိမ်းဈေးနှုန်းသည် ၀၈:၅၀ GMT အချိန်တွင် ၂.၃၅ ဒေါ်လာ (သို့မဟုတ် ၂.၉ ရာခိုင်နှုန်း) မြင့်တက်ခဲ့ပြီး တစ်ဘာရယ်လျှင် ၈၃.၇၅ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။ အမေရိကန် West Texas Intermediate (WTI) ရေနံစိမ်းဈေးနှုန်းမှာလည်း ၂.၄၂ ဒေါ်လာ (သို့မဟုတ် ၃.၂ ရာခိုင်နှုန်း) မြင့်တက်ကာ ၇၇.၀၈ ဒေါ်လာ ဖြစ်လာခဲ့သည်။

     ဥရောပ ဒီဇယ်အနာဂတ်ဈေးနှုန်း (European diesel futures) များသည်လည်း ၂၀၂၂ ခုနှစ် အောက်တိုဘာလနောက်ပိုင်း အမြင့်ဆုံးအဆင့်ဖြစ်သည့် ၁,၁၃၀ ဒေါ်လာသို့ ရောက်ရှိသွားခဲ့သည်။

ဤအခြေအနေများမှ မည်သူတို့ အကျိုးအမြတ် ရရှိနေသနည်း?

အရှေ့အလယ်ပိုင်းတွင် စွမ်းအင်ထုတ်လုပ်မှုများ ရပ်ဆိုင်းသွားခြင်း သို့မဟုတ် တင်ပို့၍မရအောင် ပိတ်ဆို့ခံထားရခြင်းတို့ကြောင့် လက်ရှိတွင် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့သူ ဖြစ်လာခဲ့သည်။ ထို့အပြင် အမေရိကန်သည် ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့ (LNG) ထုတ်လုပ်သူလည်း ဖြစ်သည်။

     ထုတ်လုပ်မှုများ မရပ်ဆိုင်းမီက ကာတာနိုင်ငံသည် ဥရောပနှင့် အာရှရှိ ဝယ်ယူသူများထံသို့ LNG များ ထောက်ပံ့ပေးခဲ့သည်။ ယခုကဲ့သို့ Qatar Energy က ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ခြင်းသည် ဈေးကွက်အတွင်း ကြီးမားသော ဟာကွက်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး၊ ယင်းကို အမေရိကန်မှ ExxonMobil နှင့် Cheniere ကဲ့သို့သော ကုမ္ပဏီများအပါအဝင် အနောက်နိုင်ငံမှ ဓာတ်ငွေ့တင်ပို့သူများက အခွင့်ကောင်းယူ ဝင်ရောက်လာနိုင်ပါသည်။ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၁ ဘီလီယံခန့် တင်ပို့နေသည့် သြစတြေးလျနိုင်ငံတွင်လည်း အာရှ၏ ထောက်ပံ့မှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် အဆင်သင့်ရှိသော ကုန်စည် (Spot cargoes) အချို့ ရှိနေကြောင်း ကွီလီယမ် (Quilliam) က ပြောကြားခဲ့သည်။

     သို့သော်လည်း အမေရိကန် ထုတ်လုပ်သူများသည် ယေဘုယျအားဖြင့် ဈေးနှုန်းမြင့်တက်လာမှု၏ ဒဏ်ကို လုံးဝကင်းလွတ်မည်မဟုတ်သလို၊ ထုတ်လုပ်မှု ပမာဏကို တိုးမြှင့်ခြင်းမှာလည်း တစ်ညတည်းနှင့် လုပ်ဆောင်နိုင်သည့် အရာမျိုး မဟုတ်ပေ။

     အမေရိကန်ပြည်ထောင်စုဟာ အခုအချိန်မှာ ကမ္ဘာ့အကြီးဆုံး ရေနံစိမ်းတင်ပို့တဲ့နိုင်ငံ ဖြစ်နေတာကြောင့် ရေနံဈေးနှုန်းမြင့်တက်မှုဒဏ်ကနေ အတော်အတန် ကင်းလွတ်နေပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ ချောဆီနဲ့ စက်သုံးဆီချောတွေကို ပြန်လည်တင်သွင်းနေရတာကြောင့် ဈေးကြီးပေးဝယ်ရတဲ့ ဒဏ်ကိုတော့ ခံရမှာဖြစ်ပြီး ဒါကို စက်သုံးဆီဆိုင်တွေမှာ သိသိသာသာ ခံစားရပါလိမ့်မယ်’ ဟု ကွီလီယမ်က ပြောကြားခဲ့သည်။

     အမေရိကန်အနေနဲ့ ကာတာရဲ့ LNG (သဘာဝဓာတ် ငွေ့) ပြတ်တောက်သွားမှုကို အခွင့်ကောင်းယူပြီး ဈေး ကွက်ဝေစုကို ရယူနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတွေဘက်က ဒီအခြေအနေကို အသုံးချဖို့အတွက် ထုတ်လုပ်မှုပမာဏ တိုးမြှင့်ဖို့ဆိုရင် လပေါင်းများစွာ အချိန်ယူရမှာဖြစ်ပြီး အဲဒီအချိန်ကျရင် ဒီအကျပ် အတည်းက ပြီးဆုံးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သီအိုရီအရတော့ အမေရိကန်ဟာ အခုဖြစ်နေတဲ့ ပြတ်တောက်မှုတွေကနေ အကျိုးအမြတ်ရနိုင်ပေမဲ့ ဒါဟာ စစ်ပွဲဘယ်လောက်အထိ ကြာရှည်မလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေပါတယ်။

     အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့အကြီးဆုံး LNG ထုတ်လုပ်သူဖြစ်သော်လည်း ၎င်း၏ စက်ရုံများမှာ ထုတ်လုပ်မှုပမာဏ အပြည့်နီးပါး လည်ပတ်နေပြီးဖြစ်ကြောင်းနှင့် တင်ပို့မှုအများစုမှာလည်း ရေရှည်စာချုပ်များဖြင့် ချုပ်ဆိုထားပြီးဖြစ်ကြောင်း ကွီလီယမ်က ပြောကြားခဲ့သည်။

      စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ ကမ္ဘာ့ဓာတ်ငွေ့သုံးစွဲမှုမှာ တစ်နေ့လျှင် ကုဗပေ ၄၀၀ ဘီလီယံ (400 bcfd) ခန့် ရှိသည်။ အပြည်ပြည်ဆိုင်ရာ ဓာတ်ငွေ့သမဂ္ဂ (IGU) ၏ အဆိုအရ ယင်းအနက် ကုဗပေ ၅၅ ဘီလီယံခန့်မှာ LNG ဖြစ်ပြီး အမေရိကန်၊ သြစတြေးလျနှင့် ကာတာနိုင်ငံတို့သည် ကမ္ဘာ့စုစုပေါင်းထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းခန့်ကို တာဝန်ယူထားကြသည်။ ထို LNG အများစုကို ရေရှည်စာချုပ်များဖြင့်သာ ရောင်းချထားခြင်း ဖြစ်သည်။

      ထို့အပြင် မကြာမီ စတင်လည်ပတ်နိုင်မည့် အမေရိကန်၏ ထုတ်လုပ်မှုအသစ်များသည် တစ်နေ့လျှင် ကုဗပေ ၂ ဘီလီယံထက် ပိုနိုင်ခြေမရှိပေ။ Reuters ၏ တွက်ချက်မှုများအရ ယင်းပမာဏမှာ ကာတာနိုင်ငံကြောင့် ဖြစ်ပေါ်လာသည့် တစ်နေ့လျှင် ကုဗပေ ၁၀ ဘီလီယံ (တစ်နှစ်လျှင် တန်ချိန် သန်း ၈၀ နှင့် ညီမျှသော) ဟာကွက်ကို ဖြည့်ဆည်းပေးရန် များစွာလိုအပ်နေသေးကြောင်း သိရသည်။

ဒီအခြေအနေက (Shadow Fleet) အသုံးပြုသူတွေအတွက် အခွင့်အလမ်းကောင်း ဖြစ်လာနိုင်ပါသလား?

​     ပိတ်ဆို့အရေးယူမှုများနှင့် အခြားသော ကန့်သတ် ချက်များကြောင့် ယခုအခါ ရေနံနှင့် သဘာဝဓာတ်ငွေ့ အမြောက်အမြားကို ပုံမှန်ကြီးကြပ်ကွပ်ကဲမှုစနစ်များ၏ ပြင်ပတွင် လည်ပတ်နေသည့် (Shadow Fleet) ဟုခေါ်သော ကုန်တင်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်နေကြရသည်။ ရုရှားနှင့် အီရန်ကဲ့သို့သော နိုင်ငံများသည် ၎င်းတို့၏ ရေနံကို ဤနည်းလမ်းဖြင့် ရောင်းချလေ့ရှိကြသည်။

     “ဈေးကွက်ထဲကို ဆော်ဒီနဲ့ အီရန်ရေနံစိမ်းတွေ မရောက်နိုင်တော့တဲ့ ဆုံးရှုံးမှုကနေ ရုရှားကတော့ အသေအချာ အကျိုးအမြတ် ရနေပါတယ်။ ရုရှားဟာ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေဆီကို ပိုမိုမြင့်မားတဲ့ ဈေးနှုန်းတွေနဲ့ ရေနံစိမ်းတွေ ပိုပြီး တင်ပို့သွားမှာပါ” ဟု ကွီလီယမ်က ပြောကြားခဲ့သည်။

     ၎င်းက ဆက်လက်၍ “တစ်ချိန်တည်းမှာပဲ ဈေးကွက်ကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့အတွက် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို တင်းတင်းကျပ်ကျပ် လုပ် ဆောင်ချင်စိတ် နည်းပါးသွားပါလိမ့်မယ်။ ဒါကြောင့် ရုရှားရဲ့ Shadow Fleet တွေဟာ ပုံမှန်ထက် ပိုမို လှုပ်ရှားလာပါလိမ့်မယ်” ဟု ရှင်းပြခဲ့သည်။

(Al Jazeera သတင်းဌာနမှ Will the US benefit from the oil crisis sparked by the war on Iran? ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)

Telegram»…
https://t.me/positiveanglenews

#PAN