(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၈
အမေရိကန်အမှတ် (၅) ရေတပ်စုဌာနချုပ် (US Navy’s 5th Fleet) ဝန်ဆောင်မှုစင်တာမှာ အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း ဘာရိန်းအစိုးရက အတည်ပြုလိုက်သည်။ ဂျူဖဲရ် (Juffair) ရပ်ကွက်အတွင်း ပြင်းထန်သော ပေါက်ကွဲမှုများနှင့်အတူ မီးခိုးများ ထွက်ပေါ်နေသည်ကို တွေ့မြင်ရသည်။
အီရန်မှ ပစ်ခတ်သော ပဲ့ထိန်းဒုံးကျည်များကို ယူအေအီး လေကြောင်းရန်ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားနိုင်ခဲ့သော်လည်း၊ အဘူဒါဘီမြို့ရှိ လူနေရပ်ကွက်တစ်ခုအတွင်းသို့ ဒုံးကျည်အပျက်အစီးများ ကျရောက်မှုကြောင့် အာရှနွယ်ဖွား အရပ်သားတစ်ဦး သေဆုံးသွားခဲ့သည်။
လက်ရှိအခြေအနေမှာ ဆော်ဒီအာရေးဗီးယား၊ ကူဝိတ်နှင့် ကာတာနိုင်ငံတို့တွင်လည်း ဒုံးကျည်များကို ကြားဖြတ်ပစ်ချမှုများ ရှိနေသည်။ လက်ရှိတွင် ပင်လယ်ကွေ့ဒေသတွင်းရှိ နိုင်ငံအများစုမှာ ၎င်းတို့၏ ဝေဟင်ပိုင်နက်များကို ပိတ်သိမ်းထားပြီး နိုင်ငံတကာလေကြောင်းလိုင်းများလည်း ခရီးစဉ်များကို ရပ်ဆိုင်းထားသည်။
အမေရိကန်သံရုံးများက ၎င်းတို့၏ ဝန်ထမ်းများနှင့် နိုင်ငံသားများကို အိမ်တွင်း၌သာ နေထိုင်ကြရန် (Shelter-in-place) ညွှန်ကြားထားပြီး ဒေသခံအာဏာပိုင်များကလည်း လမ်းမကြီးများပေါ်သို့ မထွက်ကြရန် သတိပေးထားသည်။
#PAN