သုခဒဂုံ ပြည်သူ့အငှားအိမ်ရာက အိမ်ခန်းနှင့် ဆိုင်ခန်းများကို လက်ညှိုးထိုးရောင်းချမှုသူများအား ထောင်ဒဏ်ချ

(ပြည်တွင်း) ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် သုံးခွရပ်ကွက်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာမှ အိမ်ခန်းနှင့် ဆိုင်ခန်းအချို့ကို ခွင့်ပြုချက်မရှိဘဲ လက်ညှိုးထိုးရောင်းစားခဲ့သူများကို တရားရုံးက ထောင်ဒဏ်ချမှတ်အရေးယူခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်က မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်တစ်စောင်ထုတ်ပြန်ကြေညာခဲ့ပြီး ထုတ်ပြန်ချက်တွင် ငှားရမ်းနေထိုင်ခွင့်ရထားသူအချို့သည် ကိုယ်တိုင်နေထိုင်ခြင်းမရှိဘဲ ထပ်ဆင့်ငှားရမ်းခြင်း၊ ဌားရမ်းခွင့်စာရင်းတွင် မပါဝင်သူများအား နေထိုင်စေခြင်းနှင့် မိမိမပိုင်ဆိုင်သည့် အခန်းများကို လက်ညှိုးထိုးရောင်းစားခြင်းများ ဆောင်ရွက်ကြောင်း ကြားသိရသည်ဟု ပြောဆိုထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တရားစွဲဆိုဆောင်ရွက်ခဲ့ရာ လူပုဂ္ဂိုလ် ၃ ဦးအား တရားရုံးက ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေ ပုဒ်မ-၆(၁)အရ အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သက်ဆိုင်ရာဌာနမှလည်း ၎င်းတို့ကို အိမ်ခန်းငှားရမ်းခွင့် ပယ်ဖျက်ပြီး အခန်းများကို ပြန်လည်သိမ်းယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာသည် နေရေးအခက်အခဲရှိသော အငြိမ်းစားဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများအား ငါးနှစ်ကာလ ငှားရမ်းနေထိုင်ခွင့်ပေးထားသည့် နိုင်ငံပိုင်အိမ်ရာစီမံကိန်းတစ်ခုဖြစ်သည်။

ထို့ကြောင့် တရားဝင်နေထိုင်ခွင့်ရရှိသူများမှအပ ထပ်ဆင့်ငှားရမ်းခြင်း၊ စာချုပ်တွင် မပါဝင်သူများကို နေထိုင်စေခြင်းနှင့် အခန်းအရောင်းအဝယ်ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကြရန်နှင့် စစ်ဆေးတွေ့ရှိပါက ငှားရမ်းခွင့်ပယ်ဖျက်ခြင်းအပြင် ဥပဒေနှင့်အညီ ထပ်မံအရေးယူခံရနိုင်ကြောင်း ဌာနမှ အသိပေးထားသည်။