ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

(မှုခင်း) ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တို့၌ ဖေဖော်ဝါရီ ၁၇ ရက်က နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ကစင်ကျေးရွာတွင် ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၃ နာရီခွဲက ဦးကျော်စွာဦး(ခ)ဇော်မျိုး(၄၅)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအားနေအိမ်အတွင်းမှ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်ကိုင်ဖုန်းနှစ်လုံး၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အလားတူ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်ကွက်တွင် ညနေ ၄ နာရီ ၅ မိနစ်ချိန်ခန့်က ဒေါ်လဲ့ရည်ထွန်း(၃၀)နှစ် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် “လပြည့်” ကွမ်းယာဆိုင်၌ လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ ဆိပ်ဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဆိုင်အတွင်း ၎င်းအား နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်းသိရသည်