တာချီလိတ်မြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်‌ မော်တော်ဆိုင်ကယ်များမရှိ‌စေရေး စစ်ဆေးဆောင်ရွက်

(ပြည်တွင်း) ဖေဖေါ်ဝါရီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ ပပျောက်ရေး၊ ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးအတွက် မော်တော်ယာဉ်များအား စစ်ဆေးခြင်းကို ဝိန်းကျောက်ရပ်ကွက်၊ ကားလေကွင်းအနီးရှိ ဗိုလ်ချုပ်လမ်းတွင် ဖေဖေါ်ဝါရီလ ၁၉ ရက်နံနက်ပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် အမှတ်(၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)မှ တာဝန်ရှိသူများနှင့်အတူ တာချီလိတ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုဦးစီးဌာန ခရိုင်ရုံး(တာချီလိတ်)၊ တာချီလိတ်ခရိုင်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ဟောင်လိတ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့များမှ မော်တော်ယဉ်မောင်းနှင်သူများအနေဖြင့် ယာဉ်မောင်းလိုင်စင် ပါရှိရမည်ဖြစ်ပြီးဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် အရည်အသွေးပြည့်မီသည့်ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် /သတ်မှတ်နံပါတ်ပြားတပ်ဆင်ရန်/၃ ယောက်စီးနင်းခြင်းမပြုရန် /ပါဝါအိပ်ဇောတပ်ဆင်စီးနင်းခြင်းမပြုရန် /အနှေးယာဉ်များအနေဖြင့် လမ်း၏ လက်ယာကပ်မောင်းစနစ်ဖြင့်မောင်းနှင်ရန်နှင့် ပညာပေးကာလပြီးဆုံးပါက ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖောက်ဖျက်ကျူးလွန်သူများအား ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားကာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။