(ပြည်တွင်း) ဖေဖော်ဝါရီ ၁၉
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေနဲ့ တည်ဆောက်ပြီးစီးတဲ့ မဲဘောင်-နောင်ပလိန်-ဝင်းစိန် လမ်း ပေ (၆၀) အရှည်တံတားတစ်စင်းနဲ့ (၁၈)ပေအကျယ်ကတ္တရာလမ်းကို ဒီနေ့ မနက်ပိုင်းမှာ ကရင်ပြည်နယ်အစိုးရက ဖွင့်လှစ်ပေးလိုက်ပါတယ်။

မူလက ပေ (၄၀) အရှည်၊ (၁၆)ပေအကျယ်၊ တံတားခံနိုင်ဝန်တန်(၂၀)ရှိတဲ့ မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်းပေါ်တံတားကို (၆၀)ပေအရှည်၊ (၂၄)ပေအကျယ်၊ ခံနိုင်ဝန်တန်(၆၀)ရှိတဲ့ သံကူကွန်ကရစ်တံတားတည်ဆောက်ပေးလိုက်တာဖြစ်ပါတယ်။

အဲဒီတံတားကို ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး ကူးသန်းရောင်းဝယ်ရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၈၂၉ သန်းဖြင့် တည်ဆောက်ဖွင့်လှစ်ခဲ့တာလို့ ပြည်နယ်အစိုးရအဖွဲ့ထံက သိရပါတယ်။

ဒါ့အပြင် မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်းပေါ်က (၁၈)ပေအကျယ် ကတ္တရာလမ်း ၂ မိုင် ၂ ဖာလုံကို ဒိနေ့မနက်ပိုင်းမှာပဲ ဖွင့်လှစ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်းဟာ ရပ်ကွက်/ကျေးရွာ ၁၃ ခုကို ဖြတ်သန်းချိတ်ဆက်ပေးထားပြီး မိုင်အားဖြင့် ၁၉ မိုင် ၅ ဖာလုံရှိရာ ပြည်ထောင်စု/ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၇၁၇ ဒသမ ၈၆၀ သန်းနဲ့ မူလကတ္တရာလမ်း ၁၂ ပေအကျယ်ကို (၁၈)ပေ အကျယ်ကတ္တရာလမ်း ၂ မိုင် ၂ ဖာလုံကို တိုးချဲ့ဆောင်ရွက်ပြီးစီး ဖွင့်လှစ်ပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါလမ်းနဲ့တံတားကို ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစောမြင့်ဦးကတက်ရောက်ဖွင့်လှစ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်မှ စီးပွားရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုတွေ ကုန်စည် စီးဆင်းမှုတွေ ရောင်းဝယ်ဖောက်ကားမှုတွေ အဆင်ပြေချောမွေ့စွာ သွားလာလုပ်ဆောင်နိုင်မှာဖြစ်လို့ ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ လူမှုစီးပွားဘဝအခြေအနေတွေလည်း မြင့်မားတိုးတက်လာမှာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးကပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော်ငအကုန်အကျခံ ဆောင်ရွက်ပေးထားတဲ့ မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်းကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့် ရှောက်ပေး ကြစေလိုပြီး အဆင့်မြှင့်တင်တိုးတက်ပြုပြင်ဖို့ကျန်ရှိတဲ့ လမ်း၊တံတားတွေကို ဆက်လက်ဆောင်ရွက်ရာမှာလည်း အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုတယ်လို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
#PAN