ရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ဆိုင်ရာဆွေးနွေးပွဲပြုလုပ်

(​ပြည်တွင်း) ဖေဖော်ဝါရီ ၁၉

ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အများအပြားအနိုင်ရထားတဲ့ ပြည်ခိုင်ဖြိုးပါတီဟာ မကြာခင်ခေါ်ယူတော့မယ့် လွှတ်တော်အသီးသီးအတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်နေတာတွေ့ရပါတယ်။

ဒီနေ့မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ နေပြည်တော်မှာရှိတဲ့ ပါတီဌာနချုပ်၊ သင်တန်းကျောင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ အင်အား ၈၀ ကျော်နဲ့ လွှတ်တော်ဆိုင်ရာဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့တယ်လို့ ပါတီက သတင်းထုတ်ပြန်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီကပြုလုပ်တဲ့  လွှတ်တော်ဆိုင်ရာဆွေးနွေးပွဲမှာ ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက “လွှတ်တော်အတွေ့အကြုံနဲ့ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်တွေ ၊ ​ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်က “လွှတ်တော်အတွေ့အကြုံနဲ့ မေးခွန်းမေးမြန်းခြင်းဆိုင်ရာ ကိစ္စရပ်တွေ ​ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းက “လွှတ်တော်အတွေ့အကြုံနဲ့ အဆိုတင်သွင်းခြင်းဆိုင်ရာကိစ္စရပ်တွေ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းကတော့ “လွှတ်တော်ဆိုင်ရာ  ဥပဒေ၊ နည်းဥပဒေများ”၊ ​ဗဟိုကော်မတီဝင် ဦးသိန်းထွန်းဦးက “ဥပဒေကြမ်းပူးပေါင်းကော်မတီဆိုင်ရာ ကိစ္စရပ်တွေကို ရှင်းလင်းဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ပါတီရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်ရီက လမ်းညွှန်အမှာစကားပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ထို့အတူ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌတွေဖြစ်ကြတဲ့ ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိမ်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ​ဗဟိုအတွင်းရေးမှူးတွေ ​ဗဟိုအလုပ်အမှုဆောင်တွေ တိုင်းဒေသကြီး/ပြည်နယ်တွေက ပါတီဥက္ကဋ္ဌတွေ ​ဗဟိုကော်မတီဝင်တွေလည်း တက်ရောက်ကြတယ်လို့ ပါတီရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မကြာခင်လွှတ်တော်တွေစတင်ကျင်းပတော့မှာဖြစ်လို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြည်သူကိုပေးထားတဲ့ ဂတိကဝတ်အတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီက မကြားသေးတဲ့ရက်ပိုင်းကပဲ လူမှုကွန်ယက်ကနေ အသိပေးပြောဆိုထားပါတယ်။

ပေးထားတဲ့ ကတိကဝတ်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့နဲ့ပတ်သက်ပြီး လွှတ်တော်ထဲက ကြယ်ပွင့်ပြမေးခွန်းနဲ့ ကြယ်ပွင့်မပြမေးခွန်းတွေအပြင် သီးခြားဖြစ်စေချင်တဲ့အဆိုတွေကိုစဉ်းစားနေတယ်လို့ ဦးခင်ရီက ပြီးခဲ့တဲ့ ရက်ကပဲ ပြောဆိုထားပါသေးတယ်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၃၁ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၀၈ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃၇၉ ဦး တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်၂၁ ဦးအနိုင်ရထားတာဖြစ်ပါတယ်။

#PAN