KNU/PDF က ၄ လ ကျော်ကြာ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို တပ်မတော်ပြန်လည်ထိန်းချုပ်
(ပြည်တွင်း) ဖေဖော်ဝါရီ ၉
ကချင်လက်နက်ကိုင် KIA နဲ့ PDF အကြမ်းဖက်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ကို ဖေဖော်ဝါရီ ၈ ရက်မှာ တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။

ဗန်းမောက်မြို့လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ တပ်ဖွဲ့တွေကို KIA နဲ့ PDF အကြမ်းဖက်တွေဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ထိန်းချုပ်ခဲ့ကြတာဖြစ်ပြီး ဒေသခံပြည်သူတွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေ၊ လူသစ်စုဆောင်းတာတွေလုပ်ဆောင်ခဲ့ကြသလို ပြည်သူပိုင်နေအိမ်တွေနဲ့ ဌာနဆိုင်ရာအဆောက်အအုံတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
ဒါကြောင့် ဗန်းမောက်မြို့က ဒေသခံပြည်သူတွေဟာ သူတို့ရဲ့ အိုးအိမ်စည်းစိမ်တွေကို စွန့်လွှတ်ကာ အနယ်နယ်အရပ်က အသိဆွေမျိုးတွေအပြင် စစ်ဘေးရှောင်စခန်းတွေရှိရာကို ဆင်းရဲ့ ဒုက္ခတွေနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ကျောက်ရွှေ ၊ ဗြုန်းစုပ်ရွှေ၊ ကုတ်ဖျော ရွှေ စတဲ့ ရွှေ သတ္တုများစွာထွက်ရှိတဲ့ ဗန်းမောက်မြို့ကို KIA နဲ့ PDF အကြမ်းဖက်တွေ ထိန်းချုပ်လိုက်တဲ့ပြီးနောက်ပိုင်း အခွန်အခအမြောက်အများတောင်းယူကာ ဥပဒေမဲ့သတ္တုတူးဖော်မှုတွေကြောင့် တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်တွေ များစွာပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
ဒါကြောင့် ဗန်းမောက်မြို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်းတွေခွဲကာ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၄ ရက် ကစတင်ကာ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်သောင်းကျန်းသူတွေ စိုးမိုးထားတဲ့ ပင်ဟင်းခါး၊ ရွှေကျောင်း၊ ခိုပြင်နဲ့ နောင်သာယာရွာတွေအပြင်၊ တာဝါတိုင်ကုန်း၊ ခမိုးနဲ့ ဖြူးတောင်တစ်ဝိုက် ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၆ ရက်မှာ ဗန်းမောက်မြို့ရဲ့ အနောက်ဘက်နဲ့ အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာက စစ်ဗျူဟာအရေးကြီးနေရာတွေထိန်းချုပ်နိုင်ခဲ့ပြီး လိုအပ်တဲ့ပြင်ဆင်စုဖွဲ့မှုတွေ ဆောင်ရွက်ခဲ့ပြီးနောက် စစ်ဆင်ရေးကာလ လေးလကျော်ကြာဆင်နွဲခဲ့ပြီးနောက်မှာတော့ ဗန်းမောက်မြို့ကို ဖေဖော်ဝါရီ ၈ ရက်နေ့မှာ အပြီးသတ် ထိန်းချုပ်နိုင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့ကို အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ရေးဆောင်ရွက်ခဲ့ရာမှာ အကြမ်းဖက်သောင်းကျန်းသူတွေဟာ ဗန်းမောက်မြို့အတွင်းက ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဌာနဆိုင်ရာအဆောက်အအုံတွေ၊ လူနေအိမ်တွေ ဟိုတယ်တွေနဲ့ အထပ်မြင့်အဆောက်အအုံတွေမှာ သဲအိတ်ဘန်ကာတွေ အခိုင်အမာဆောက်လုပ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်တာ၊ ဒေသခံပြည်သူတွေကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူပြီး ပစ်ခတ်တိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဆိုပါအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်စေရေးအတွက် ထုတ်ပြန်ထားတဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE)နဲ့အညီ ထိန်းထိန်းသိမ်းသိမ်းနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခဲ့ရတယ်လို့လည်း သိရပါတယ်။
ဗန်းမောက်စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက်သောင်းကျန်းသူတွေနဲ့ တိုက်ပွဲကြီးငယ် ၆၉ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး/ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူတွေဆီကနေ လက်နက်မျိုးစုံ ၂၇ လက်၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက် သမားရုပ်အလောင်းတွေနဲ့ အကြမ်းဖက်လုပ်ငန်းတွေလုပ်ဆောင်ရာမှာ အသုံးပြုတဲ့ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်လို့ မြို့ကိုစွန့်ခွာခဲ့ကြရတဲ့ ဒေသခံပြည်သူတွေ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ဖို့ အပျက်အစီးတွေ ဖယ်ရှားရှင်းလင်းပေးတာတွေအပြင် မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်ပေးနေပြီလို့လည်း သိရပါတယ်။
#PAN