(မှုခင်း) ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ပိတောက်ကုန်းကျေးရွာတွင်နေထိုင်သည့် ဦးဇော်နိုင်သန်း(၅၁)နှစ် အား ကရင်လက်နက်ကိုင်အဖွဲ့ KNUနှင့် PDF အကြမ်းဖက်သမားများမှ လာရောက်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ပစ်ခတ်သတ်ဖြတ်ခံရသည့် ဦးဇော်နိုင်သန်း(၅၁)နှစ် နှင့် တစ်ရွာတည်းနေ ဦးဝင်းမြင့်(၆၀)နှစ်တို့နေအိမ်၌ ရှိနေစဉ် ဖေဖော်ဝါရီ ၅ ရက် ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက်အဖွဲ့ အင်အား ၁၉ ဦးခန့်က ဆိုင်ကယ် ရှစ်စီးခန့်ဖြင့် ရောက်ရှိပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ နေအိမ်၏ အရှေ့မြောက်ဘက် မီတာ ၃၀၀ ခန့်အကွာအရောက်တွင် ဦးဇော်နိုင်သန်းသတ်ဖြတ်ခဲ့ပြီး ဦးဝင်းမြင့်အား ကျေးရွာသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်မြင့်(၆၄)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် KNU နှင့် PDF အကြမ်းဖက်သမားအဖွဲ့ အင်အား ရှစ်ဦးခန့်က ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် သေဆုံးသွားကြောင်း သိရသည်။ ယင်းနေ့ တစ်နေ့တည်းအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွှေမင်းဝံရပ်ကွက်နေ ကိုအောင်ဝင်းသိန်း(၂၂)နှစ်သည် စစ်ကိုင်းတက္ကသိုလ် အရှေ့ဘက် လမ်းဘေး၌ မော်တော်ယာဉ်ပေါ် ရှိနေစဉ် လမ်းလျှောက်လာသည့် PDF အကြမ်းဖက်သမား တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကိုအောင်ဝင်းသိန်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#PAN