အာမခံချက်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်နိုင်ဖို့အတွက် ငြိမ်းချမ်းတဲ့နည်းဆောင်ရွက်မယ်လို့ KNU/KNLA_PC ပြော

(ပြည်တွင်း) ဖေဖော်ဝါရီ ၉

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီဟာ မိမိတို့ကရင်အမျိုးသားလွတ်မြောက်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ အာမခံချက်အပြည့်အဝ ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်နိုင်ဖို့အတွက် ငြိမ်းချမ်းတဲ့နည်း၊ တွေ့ဆုံထုတ်ပြန် ဆွေးနွေးအဖြေရှာတဲ့နည်းတွေနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကြေညာပါတယ်။

ဒီကြေညာချက်ကို ဖေဖေါ်ဝါရီလ (၇) ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး  ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီရဲ့ ပထမအကြိမ်မျက်နှာစုံညီအစည်းအဝေးအပြီးမှာ ထုတ်ပြန်ကြေညာခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီရဲ့ ပထမအကြိမ်မြောက်မျက်နှာစုံညီအစည်းအဝေးကို ဖေဖေါ်ဝါရီလ (၄) ရက်နေ့ကနေ (၆) ရက် နေ့အထိ ဗဟိုဌာနချုပ် (ဝေနော်တယာ) မှာ ကျင်းပပြီးခဲ့တာဖြစ်ပါတယ်။

အဲဒီမျက်နှာစုံညီအစည်းအဝေးကို ဗဟိုမှခေါင်းဆောင်တွေ၊ စစ်ဦးစီးဌာနချုပ်ကခေါင်းဆောင်တွေ၊ ဗျူဟာ၊တပ်ရင်း၊ ဌာနဆိုင်ရာ များမှခေါင်းဆောင်ကိုယ်စားလှယ်တွေနဲ့ လေ့လာသူတွေအပါအဝင် စုစုပေါင်း (၃၄၀) ဦး တက်ရောက်ခဲ့ကြတယ်ို့ သိရပါတယ်။ KNU/KNLA_PC ရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေကိုသုံးသပ်တာတွေ အဖွဲ့အစည်းရဲ့ အခြေအနေနဲ့လုပ်ငန်းတွေကိုပြန်လည်သုံးသပ်တာတွေ ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုတာ၊ ဗဟိုအမြဲ တမ်းကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဗဟိုတရားသူကြီးချုပ်၊ ဌာနဆိုင်ရာတာဝန်ခံတွေ ဖွဲ့စည်းတာဝန်ပေးအပ်တာတွေအပြင် ရှေ့လုပ်ငန်းစဉ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

#PAN