ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ရေကြည်မြို့နယ် အောင်ဆန်းရပ်ကွက်ဘုရားကြီးကုန်း အခြေခံပညာမူလတန်းကျောင်း မဲရုံအမှတ် (၁) မှာ မဲပေး

(ပြည်တွင်း) ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်မှာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ဒီနေ့ မနက် (၆) နာရီမှ စတင်ကျင်းပနေပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်မိသားစုဝင်များက အောင်ဆန်းရပ်ကွက်ဘုရားကြီးကုန်း အခြေခံပညာမူလတန်းကျောင်း မဲရုံအမှတ် (၁)မှာ  ပါဝင်မဲပေးနေတယ်လို့ သိရပါတယ်။

အဲဒီနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဟာ ဆန္ဒမဲလာရောက်ပေးကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေ လွတ်လပ်၊ အေးချမ်းစွာနဲ့ အဆင်ပြေချောမွေ့စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားမှု​တွေကို ကြည့်ရှုပြီး လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူတွေကိုမှာကြားခဲ့တယ်လို့ သိရပါတယ်။

ရေကြည်မြို့နယ်မှာ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၇)ခုနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၆)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၅)ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၅)ဦး၊ ကရင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၄)ဦးနဲ့ ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် (၅)ဦးတို့  ဝင်ရောက်ယှဉ်ပြိုင်ကြတယ်လို့ သိရပါတယ်။

ရေကြည်မြို့နယ်မှာ ရပ်ကွက်ကျေးရွာအုပ်စု (၉၉ )ခုရှိပြီး မဲရုံပေါင်း (၁၁၀) ရုံ ဖွင့်လှစ်ထားရှိသလို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း  ၁၂၅၁၂၁ ဦး ရှိတယ်လို့ သိရပါတယ်။

#PAN