(စီးပွားရေး) ဒိဇင်ဘာ ၉
ပြည်ပသို့ ငရုတ်သီးတင်ပို့လျက်ရှိတဲ့ ကုမ္ပဏီများအနေနဲ့ ငရုတ်သီးနမူနာများကို ဓာတ်ခွဲစစ်ဆေးပြီးမှသာ တင်ပို့ခွင့်ပြုတော့မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ထုတ်ပြန်ထားရှိပါတယ်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့တင်ပို့တဲ့ ငရုတ်သီးများမှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုအဆိပ်ဓာတ်ကြွင်းများ တွေ့ရှိခဲ့ရတာကြောင့် ယခုလို အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့တဲ့ ငရုတ်သီး (အခြောက်)နှင့် ငရုတ်သီး(အစို)များမှာ Chlorpyrifos နှင့် Triazophos ပိုးသတ်ဆေး၊ Glyphosate ပေါင်းသတ်ဆေး၊ Aflatoxin မှိုအဆိပ်ဓာတ်ကြွင်းများ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်ကို စိစစ်ရာမှာ မြဝတီနယ်စပ် ပိုးမွှားထိန်းချုပ်ရေးစခန်းမှ ကုမ္ပဏီ ၁၁ ခုနှင့် မောတောင်နယ်စပ် ပိုးမွှားထိန်းချုပ်ရေးစခန်းမှ ကုမ္ပဏီ ၁ ခုမှာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနကနေ သိရပါတယ်။
ဒါကြောင့် ပြည်ပသို့တင်ပို့မည့် သီးနှံများကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ (ရုံးချုပ်) မှ ISO 17025 လက်မှတ်ရရှိသည့် စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရမှာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ စိုက်ပျိုးထွက်ရှိတဲ့ ငရုပ်သီးများကို ထိုင်းနိုင်ငံသို့ အဓိကထားတင်ပို့လျက်ရှိပြီး တရုတ်၊ လာအို၊ မလေးရှား စတဲ့ နိုင်ငံများသို့လည်း တင်ပို့လျက်ရှိပါတယ်။
#PAN