မျက်မမြင်စာနဲ့ ပြုလုပ်ထားတဲ့ အီလက်ထရောနစ်မဲပေးစက်တွေနဲ့ စမ်းသပ်မဲပေးမှု မိတ္ထီလာက မျက်မမြင်ကျောင်းမှာ ပြုလုပ်

(ပြည်တွင်း) နိုဝင်ဘာ ၂၅

မျက်မမြင်စာနဲ့ အထူးပြုလုပ်ထားတဲ့ မြန်မာအီလက်ထရောနစ်မဲပေးစက်တွေနဲ့ လက်တွေ့စမ်းသပ်မဲပေးခြင်းနဲ့ မသန်စွမ်းသူတွေကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးတဲ့အခမ်းအနားတစ်ကို မိတ္ထီလာမြို့နယ် ဓမ္မပါလကျေးရွာ ဘဝသစ်မျက်မမြင်ပညာသင်ကျောင်းမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက် (၁၀း၀၀) နာရီက ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံသားတွေဖြစ်ကြတဲ့ မသန်စွမ်းသူတွေရဲ့ ရွေးကောက်ပွဲဆိုင်ရာအခွင့်အရေးတွေ ရရှိစေဖို့ ဆောင်ရွက်ပေးခြင်းဟာ မသန်စွမ်းသူများအသိုက်အဝန်းတစ်ခုလုံးအတွက် အခြေခံကျတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး၊ ဥပဒေနဲ့အညီ မဲစာရင်းပြုစုရာမှာ မသန်စွမ်းမဲဆန္ဒရှင်တွေ မကျန်ခဲ့စေရေး၊ မဲရုံတွေမှာ မဲပေးရာတွင် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးနဲ့ မသန်စွမ်း သူကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်သောသူတစ်ဦးရဲ့ အကူအညီနဲ့ ဆန္ဒမဲပေးနိုင်ရေးတို့အတွက် ရွေးကောက်ပွဲဥပဒေတွေမှာ အခွင့်အရေးတွေ အပြည့်အဝပေးအပ်ထားပြီးဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အမြင်အာရုံမသန်စွမ်းသူ (မျက်မမြင်) တွေအတွက် မျက်မမြင်စာနဲ့ အထူးပြုလုပ်ထားတဲ့ မဲပေးစက်တွေနဲ့ ဘဝသစ်မျက်မမြင်ကျောင်းနဲ့ ရှေ့ဆောင်မျက်မမြင်ကျောင်းက အမြင်အာရုံမသန်စွမ်းသူ (၃၀) ဦးက ကိုယ်တိုင်ဆန္ဒမဲပေးနိုင်ဖို့ လက်တွေ့စမ်းသပ်မဲပေးခဲ့တာလို့လည်း သိရပါတယ်။

အဲဒီအခမ်းအနားကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။