(မှုခင်း) နိုဝင်ဘာ ၁၃
နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့ရှိ “ရောင်နီဦး” ရတနာရွှေဆိုင်ကို နိုဝင်ဘာ ၁၀ ရက်က သေနတ်နဲ့ ခြိမ်းခြောက် ဓားပြတိုက် လုယက်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံက သိရပါတယ်။

ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်းမှာ ဖွင့်လှစ်ရောင်းချနေတဲ့ “ရောင်နီဦး” ရတနာရွှေဆိုင်မှာ နိုဝင်ဘာ ၁၀ ရက် နံနက် ၉ နာရီခွဲခန့်မှာ ဆိုင်ပိုင်ရှင် ဒေါ်အေးအေးမွန် (၄၃)နှစ်နဲ့ ဝန်ထမ်းဖြစ်သူ မချစ်ကဗျာ (၁၉)နှစ်တို့ရှိနေချိန် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဟာ ဆိုင်အတွင်းဝင်ရောက်လာပြီး အမျိုးသားက ဒေါ်အေးအေးမွန်ကို သေနတ်(အတို)နဲ့ နားထင်ကိုထောက် ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းတွေ အိတ်အတွင်း ထည့်ခိုင်းစဉ် ဒေါ်အေးအေးမွန်က သေနတ်ကို ပုတ်ထုတ်ခဲ့ရာ အမျိုးသားက သေနတ်နဲ့ထုကာ လက်သီးနဲ့ထိုးပြီး အတူပါလာသူ အမျိုးသမီးက ရွှေထည်ပစ္စည်းတွေ ထည့်ထားတဲ့ ဘူးတစ်ဘူး လုယက်ယူဆောင်စဉ် မချစ်ကဗျာက ပြန်လည်လုယူခဲ့ရာ အဆိုပါအမျိုးသမီးက လက်သည်းနဲ့ ကုတ်ခြစ်ကာ တွန်းထုတ်ပြီး ထွက်ပြေးသွားခဲ့တဲ့ဖြစ်စဉ်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီရက်က ပြည်သူတွေနဲ့ အဆိုပါရပ်ကွက်အတွင်းရောက်ရှိနေတဲ့ နယ်မြေလှည့်ကင်းဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ မင်္ဂလာရပ်ကွက်၊ ကေးလမ်းသွယ် (၁)လမ်းပေါ်က လုယက်မှုကျူးလွန်သူတွေဖြစ်ကြတဲ့ ရွှေပြည်သာမြို့နယ်၊ သိမ်ကျောင်းရွာနေ သန်းတိုးအောင် (၂၈)နှစ်နဲ့ ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်မှာနေထိုင်တဲ့ ယမင်း (ခ) ရေဟန် (၂၅)နှစ်တို့ကို ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့တဲ့ သေနတ်အတု ၂ လက်၊ အရိုး/အသွား ၇ လက်မခန့်ရှိ ခေါက်ဓား ၁ ချောင်း၊ CZI အမျိုးအစားဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ၎င်းတို့ လုယက်ယူဆောင်သွားတဲ့ ရွှေလက်စွပ် ၁၃ ကွင်း၊ ရွှေနားကပ် ၈ ရံ၊ ရွှေဆွဲသီး ၁ ခု (ကာလတန်ဖိုး ၄၆ သိန်းကျော်ခန့်)နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
လုယက်မှုကျူးလွန်စဉ် ထုနှက်၊ ထိုးကြိတ်၊ ကုတ်ခြစ်ခဲ့မှုကြောင့် ဒေါ်အေးအေးမွန်ရဲ့ ဦးခေါင်းနှင့် မျက်နှာ နဲ့ မချစ်ကဗျာရဲ့ ဦးခေါင်းတို့မှာ ဖူးရောင် ပွန်းခြစ်ဒဏ်ရတွေ ရရှိခဲ့တာကြောင့် ပျဉ်းမနားမြို့ ခုတင်(၂၀၀) ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတရားခံ သန်းတိုးအောင်နဲ့ ယမင်း (ခ) ရေဟန်တို့ကို ပျဉ်းမနားမြို့မရဲစခန်း (ပ)၂၄၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ နဲ့ အမှုရေးဖွင့်စစ်ဆေးနေပြီး ထိရောက်တဲ့ ပြစ်ဒဏ်ရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#PAN