မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ရက္ကန်းစင်တော် ၁၅ ခုဖြင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ကပ်လှူခဲ့

(ပြည်တွင်း) နိုဝင်ဘာ ၄

၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်အဖြစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဗုဒ္ဓဥယျာဉ်ရေပန်းရင်ပြင်တော်၌ နိုဝင်ဘာလ ၃ ရက်တွင် ရက္ကန်းစင်တော် ၁၅ ခုဖြင့် မသိုးရွှေကြာ သင်္ကန်းရက်လုပ် ကပ်လှူခဲ့ကြောင်း သိရသည်။

အဆိုပါ မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပွဲကို နိုင်ငံတော် ယာယီ သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

ပွဲ‌တော်တွင် မီးပုံးပျံငယ်များနှင့်မိုးပျံပူဖောင်းများကို တစ်ပြိုင်နက်လွှတ်တင်ဖွင့်လှစ်ခဲ့ကြပြီးနောက် ရက္ကန်း စင်တော် ၁၅ ခုမှ မသိုးရွှေကြာသင်္ကန်းတော်များကိုစတင်ရက်လုပ်ရာ ယာယီသမ္မတနှင့်ဇနီးတို့မှ မသိုးရွှေကြာ သင်္ကန်းရက်လုပ်နေမှုများကို ရက္ကန်းစင်တော်တစ်ခုချင်းစီအလိုက် ကြည့်ရှုအားပေးခဲ့သည်။

ဒါ့အပြင် ယာယီ သမ္မတနှင့်ဇနီးတို့က ညမီးကြီးမီးပုံးပျံများနှင့် စိန်နားပန်မီးပုံးပျံများလွှတ်တင်မှုများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်လာရောက်သည့် ဘုရားဖူးလာသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။