တောင်ကြီး-ပေါမူ-တောင်ကြီး အပျော်စီးရထားကို ခရီးစဉ်အဖြစ် နိုဝင်ဘာ ၄ ရက်အထိပြေးဆွဲမည်

(ပြည်တွင်း) နိုဝင်ဘာ ၁

တောင်ကြီးတန်ဆောင်တိုင်ကာလ  ခရီးသွားပြည်သူများ တောင်ကြီးမြို့၏ သာယာလှပသောရှုခင်းများအား စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ရန် တောင်ကြီး-ပေါမူ-တောင်ကြီး (အသွား/အပြန်) ရထားခရီးစဉ်ကို ပြေးဆွဲပေးနေသည်ဟုသိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလဖြစ်သည့် နိုဝင်ဘာ ၁ ရက်မှစတင်၍ ၄ ရက်အထိ ပြေးဆွဲပေးမည်ဟု မြန်မာ့မီးရထားထံမှ သိရသည်။

တောင်ကြီး-ပေါမူ ခရီးစဉ်မှာ (၁၁ ဒသမ ၄၁)မိုင် ကွာဝေးပြီးပြေးဆွဲချိန် ၁ နာရီခွဲခန့်ကြာမြင့်မည်ဖြး်သည်။

လမ်းခရီးတွင် ဘဝသံသရာအဝိုင်းအနီးဝန်းကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်ရန် ထီသိမ် ဘူတာ၌ ၁၅ မိနစ်ရပ်တန့်ပေးပြီး ပေါမူဘူတာသို့ နံနက် ၁၀ နာရီခွဲတွင် ရောက်ရှိ၍ ရထားတွဲဆိုင်းအား တောင်ကြီးဘက်သို့ ပြန်လှည့်နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် မိနစ် ၃၀ ရပ်တန့်ပေးကာ ပေါမူဘူတာမှ နံနက် ၁၁ နာရီတွင် ပြန်လည်ထွက်ခွာ၍ တောင်ကြီးဘူတာသို့ မွန်းလွဲ ၁၂ နာရီခွဲ တွင် ပြန်လည်ရောက်မည်ဖြစ်သည်။

ပြေးဆွဲသည့် ရထားတွဲဆိုင်းမှာ မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်း ဖြင့် အထက်တန်းနှစ်တွဲ၊ ရိုးရိုးတန်းသုံးတွဲနှင့် ရထားထိန်းတွဲတစ်တွဲဖြစ်ပြီး ရထားစီးခရီးသည် အထက်တန်း ၃၆ ဦး၊ ရိုးရိုးတန်း ၇၂ ဦး စုစုပေါင်း ၁၀၈ ဦး လိုက်ပါစီးနင်းနိုင်ကြမည်​ဟု သိရသည်။

အဆိုပါ တောင်ကြီး-ပေါမူ အသွား/ အပြန်ခရီးစဉ်အတွက် လက်မှတ်ခ နှုန်းထားမှာ အထက်တန်းတွဲ အတွက် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှင့် ရိုးရိုးတန်းအတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ ဖြစ်သည်ဟု သိရသည်။

နောင်တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် အဆိုပါတောင်ကြီး-ပေါမူ အသွား/ အပြန်ခရီးစဉ်အတွက် အထက်ပါသတ်မှတ်နှုန်းထားဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှု လုပ်ငန်းများမှ ရထားအဆိုင်းလိုက်(တစ်စီးလုံး) ငှားရမ်းလိုပါကလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

#PAN