
(ဆောင်းပါးကဏ္ဍ) အောက်တိုဘာ ၂၈
နေဇင်လတ်
ကမ္ဘာကြီး အိုးထိန်းစက်ထဲကို ရောက်နေတာ ၂၀၁၆ ထရမ့်သမ္မတ ပထမသက်တမ်းကတည်း ကလို့ ဆိုရပါလိမ့်မယ်။ အိုးထိန်းစက် စတင်လည်ပတ်ကာလဆိုတော့ အရှိန်ကသိပ်မပြင်းသေး။ တဖြည်းဖြည်း အရှိန်ရလာသည်ဟု ဆိုရလိမ့်မယ်။ အလှုပ်အခတ်အတက်အကျများစွာနဲ့ မွေးလာတဲ့ဇာတာရှင် ထရမ့်ဟာ သူကိုယ်တိုင် ဒေဝါလီရှစ်ကြိမ် ခံဖူးခဲ့တယ်။ အတက်အကျတွေ အတော်များခဲ့တယ်။ သူ့ဇာတာအတိုင်း အိမ်ဖြူတော်ကို ရောက်တော့လည်း ကမ္ဘာကြီးကို လှုပ် လှုပ်ခတ်ခတ်ဖြစ်စေခဲ့တယ်။ အမေရိကန်သမိုင်းမှာ အကြီးတန်းအရာရှိကြီးတွေအရေအတွက် အများဆုံးအနားပေးခဲ့သူဟာ သမ္မတထရမ့်ဖြစ်ပါလိမ့်မယ်။ အစိုးရဌာနအတွင်း အလှုပ်အခတ်အကြီးကြီး ဖြစ်သွားခဲ့တယ်။
အမေရိကန်ပြည်ထောင်စုအတွင်းမှာသာ ငလျင်ဖန်တီးခဲ့တာမဟုတ်ပါဘူး။ ကမ္ဘာကြီးကိုလည်း ငလျင်တွေ၊ ဆူနာမီတွေ အဆက်မပြတ်ဖန်တီးခဲ့ပါတယ်။ ဖန်တီးခဲ့တဲ့ငလျင်တိုင်းဟာလည်း သက်ရောက်မှုတွေကြီးမားခဲ့တာဖြစ်ပြီး ဒီနေ့ ကမ္ဘာကြီး “ချည့်”ပြီး ICU ထဲရောက်သွားတာ ထရမ့်ရဲ့လက်ရာလို့ပြောရင် မမှားပါဘူး။
အမေရိကန် – တရုတ်ကုန်သွယ်စစ်
တရုတ်ကို ထရမ့်က အတော်ကြည့်မရတဲ့ ပုံပေါ်တယ်။ ၂ဝ၁၆ သမ္မတ စည်းရုံးရေးမှာ တရုတ်ကို ပစ် မှတ်ထားပြီး စည်းရုံးခဲ့တာကိုတွေ့ရတယ်။ ၂၀၁၈ မှာ ကျွမ်းကျင်သူတွေ၊ ပညာ ရှင်တွေ အတန်တန်တားနေတဲ့ကြားက တရုတ်ကို ကုန်သွယ်စစ်ခင်းခဲ့တယ်။ သေသေချာချာအစီအစဉ်လုပ်ထားပုံပဲ။ အဆင့်သုံးဆင့်နဲ့ ကုန်သွယ်စစ်ဆင်ရေးလုပ်ဖို့ရေးဆွဲထားတာတွေ့ရတယ်။ အခြေခံအနေနဲ့ကတော့ တရုတ်ကုန်ပစ္စည်းတွေကို အခွန်တိုးမြှင့်စည်းကြပ်လိုက်တာပါပဲ။
ကမ္ဘာ့ကုန်သွယ်မှုက တစ်မုဟုတ်ချင်းတုံ့ဆိုင်းသွားပါတော့တယ်။ ပညာရှင်တွေက ထရမ့်ကိုတားပါသေးတယ်။ခေါင်းမာတဲ့ထရမ့်က မရပ်ပါဘူး။ ပထမအဆင့်မှာကိုပဲ အမေရိကန်လယ်ယာကဏ္ဍက အသံအကျယ်ကြီး ပေးလာတယ်။အစိုးရကချေးငွေပံ့ပိုးမှုတွေ ပေး လိုက်ရတယ်။ ဒုတိယအဆင့်ကို စမယ်လုပ်တဲ့အချိန်မှာ Covid-19 ဖြစ်လာပါတော့တယ်။ Covid – 19 ဟာ တရုတ်ရဲ့တုံ့ပြန်မှုလား၊ ဒါမှမဟုတ် အခြားအကြောင်းကြောင့်လားတော့မသိပါဘူး။ တစ်ကမ္ဘာလုံးကို ကူးစက်ပြီး အနောက် အုပ်စုအတော်အထိနာသွားတယ်။ Lock Down လုပ်ရတာတွေ၊ Work from Home လုပ်ရတာတွေနဲ့ ကမ္ဘာ့စီးပွားရေး ပင်နယန်တွေကျိုးကြေကုန်ပါတော့တယ်။ ဒီလိုနဲ့ ထရမ့်ရဲ့သမ္မတသက်တမ်းကပြည့်သွားပြီး ဒီမိုကရက်က Joe Biden သမ္မတဖြစ်လာတယ်။သူ့လက်ထက်မှာလည်း အမေရိကန် စီးပွားရေးက မျှော်သလောက်မကောင်းခဲ့ပါဘူး။
၂ဝ၂၄ မှာ ရွေးကောက်ပွဲနိုင်ပြီး တစ်ကျော့ပြန် ထရမ့်သမ္မတ ဖြစ်လာခဲ့ပြန်ပါတယ်။ ဒုတိယသမ္မတ သက် တမ်းမှာ ထရမ့်က အဆင့်ငါးဟာရီကိန်းတွေနဲ့ အိမ်ဖြူတော်ကိုဝင်လာခဲ့တာပါ။ Elon Musk ကို ပူးတွဲခေါင်း ဆောင်ခန့်ပြီး DOGEနဲ့ အစိုးရဌာနတွေ၊ အေဂျင်စီတွေကို မွှေပါတော့တယ်။ ကမ္ဘာ့နာမည်ကြီး USAID ဆိုရင် ထရမ့် လက်ချက်နဲ့ အနိစ္စသဘောကိစ္စ ချောသွားခဲ့တာ တွေ့ရတယ်။
တရုတ်ကို ပစ်မှတ်ထားပေမယ့် ဒီတစ်ကြိမ်မှာတော့ ထရမ့်က ဘယ်သူ့ကိုမှ ချန်မထားတော့တာတွေ့ရတယ်။ ဆန့်ကျင်ဘက်၊ ရန်သူ၊ မိတ်ဆွေ၊ မဟာမိတ်ဆိုပြီး ခွဲခြားမထားဘဲ “ကိုယ်ကျိုးစီးပွားသက်သက်”ကို အခြေခံလိုက်တဲ့အတွက် မိတ်ဖက်တွေက ထရမ့်အပေါ်ယုံကြည်မှုတွေ ပြန်ရုပ်သိမ်းလိုက်တာ တွေ့ရတယ်။
တစ်ရွာလုံးနဲ့တစ်ယောက်
ကုန်သွယ်ခွန်တိုးထားတဲ့ ထရမ့်ရဲ့ Tarif တွေကအောင်စာရင်းကြည့်ရသလိုပါပဲ။ နှုန်းထားတွေ မတူပါဘူး။ ဒါပေမဲ့ မိတ်ဆွေနိုင်ငံတွေလည်းမလွတ်ခဲ့ပါဘူး။ ဒီမှာတင် အားလုံးက မကျေနပ်ကြတော့ပဲ ထရမ့်ကို မျက်လုံးစိမ်းနဲ့ ဝိုင်းကြည့်ကြပါတော့တယ်။တရုတ်ကိုသတိ ထားကိုင်တွယ်နေတာ တွေ့ရတယ်။ တရုတ်ကလည်း “အနိုင်ဖဲ”တချို့ထုတ်သုံးလာတော့ ထရမ့်ဘက်က တင်းချင်တိုင်းတင်းလို့မရဘူး ဖြစ်သွားခဲ့ပါတယ်။
Canada ဝန်ကြီးချုပ် Mark Corney က ငါးလအတွင်းထရမ့်ကို လာတွေ့တယ်။ ထရမ့်ဘက်ကမျှတတဲ့ ကုန်သွယ်ရေးဖြစ်စေရပါမယ်လို့ ကတိပေးလိုက်တယ်။ အမှန်ကတော့ နှစ်ဖက်လုံး အနာတရရကြတာပါပဲ။ WTO – World Trade Organization ရဲ့ထုတ်ပြန် ကြေညာချက်ထွက်လာတယ်။ ၂ဝ၂၆ အတွက် ပြင် ဆင်ခန့်မှန်းချက်အရ ကုန်သွယ်တိုးတက်မှု သုညဒသမ ငါးရာခိုင်နှုန်းကျသွားမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့စီးပွားရေး တုံ့နှေးသွားရတဲ့သဘော ဖြစ်လာပါတယ်။ အခြားတစ်ဖက်မှာ စစ်ရေး၊ နိုင်ငံရေးအားပြိုင်မှုတွေက အဆင်သင့်စောင့်ကြိုထားလေတော့ စီးပွားရေးကျဆင်းမှုက အိုးထိန်းစက်ကို လည်ပတ်မှု ပိုမြန်စေပါလိမ့်မယ်။
တရုတ်နဲ့ ကုန်သွယ်မှုမှာ ထရမ့်က အတော်အလေး ထားနေရပုံပေါ်ပါတယ်။ တရုတ်ရဲ့ တုံ့ပြန်မှုတွေက အမေရိကန်ကို ဒဏ်ရာခပ်ပြင်းပြင်းရစေလို့ဖြစ်ပါတယ်။
တရုတ်အပေါ်အခွန် ၂၄၅ ရာခိုင်နှုန်းမြှင့်လိုက်တော့ တရုတ်က မြေရှားရောင်းမပေးဘူးလို့ဖြစ်လာတယ်။ မြေရှားသတ္တုမရရင် အမေရိကန်ရဲ့စက်မှု လုပ်ငန်းတွေနဲ့ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတွေပါ “လ” အနည်း ငယ်အတွင်း ရပ်ဆိုင်းသွားနိုင်ပါတယ်။ ဒါကြောင့် အမေရိကန်က တစ်ရစ်လျှော့ပေးလိုက်ရတယ်။တရုတ်နဲ့ ညှိနှိုင်းမှုမှာ ရက် ၉ဝ နှစ်ကြိမ် ရွှေ့ပေးလိုက်ရတာ တွေ့ရတယ်။
သွင်းကုန်တွေအပေါ်အခွန်တိုးလိုက်တဲ့အတွက် အခွန်ပိုရလာတာ မှန်ပေမယ့် တစ်ဖက်မှာ ကုန်သွယ်ပမာဏ လျော့ကျသွားတာက ရေရှည်မှာ ပိုအထိနာတာကို တွေ့ရမှာပါ။ ကိုယ့်ပစ္စည်းတွေ အရောင်းကျလို့ ပိတ်သိမ်းလိုက်ရတဲ့ လုပ်ငန်းတွေမနည်းလှပါဘူး။ အမေရိကန်မော်တော်ကား လုပ်ငန်းဆိုရင် ရှင်သန်ဖို့တောင်အတော်ခက်ခက်ခဲခဲ ရုန်းကန်နေရတာ တွေ့ရတယ်။ ဒါကြောင့်ထရမ့်ကမော်တော်ကား လုပ်ငန်းအပေါ်အခွန်နှုန်းထားပြန်စဉ်းစားမယ်ဆိုပြီး ဖြစ်လာရပါတော့တယ်။
အရေးကြီးတဲ့အချက်က ဘာလဲဆိုရင် အမေရိကန်ပြည်ထောင်စုက အခွန်နှုန်းထားမြှင့်လိုက်ခြင်းဟာ US vs The rest of world ဖြစ်ပြီး ကျန်နိုင်ငံတွေ အချင်း ချင်းကြားမှာ အခွန်ပြောင်းလဲမှုမရှိလို့ အမေရိကန်ရဲ့ဈေးကွက် အခြားကို ရောက်သွားတာက ရေရှည်မှာ အမေရိကန်ပြန်ခံရမယ့် ရလဒ်ဖြစ်နေတာပါပဲ။ တစ်ချိန်က တရုတ်ဟာ အမေရိကန်နဲ့ ကုန်သွယ်မှုပေါ်မှာ အဓိကထားခဲ့ပေမယ့် ၂၀၁၈ ကစပြီး ဈေးကွက်ကို ရွှေ့ပြောင်းလိုက်တာမှာ ဒီနေ့အမေရိကန်ကို တရုတ်ထုတ်ကုန် ၁၁ ရာခိုင်နှုန်းပဲရောင်းရပါတော့တယ်။ ကျန် ၈၉ ရာခိုင်နှုန်းကို အခြားဥရောပဈေးကွက်ကို ရွှေ့ထားလိုက်နိုင်ပြီဖြစ်လို့ အမေရိကန်ရဲ့ Tarif တိုက်ကွက်ကို တရုတ်က အတော်အတန် ခံနိုင်ရည်ရှိသွားပြီလို့ ဆိုရပါလိမ့်မယ်။
ရုရှားကို ရာဇသံပေးပြီ
ထရမ့်က သူသာ သမ္မတဖြစ်ခဲ့ရင် ယူကရိမ်းစစ်ကို တစ်ရက်အတွင်းရပ်ပစ်မယ်လို့ ဆိုခဲ့ပေမယ့်လက်တွေ့မှာယူကရိမ်းစစ်ဟာ ပိုပြီးတောင်အားကောင်းလာတာကို တွေ့နေရပါတယ်။အကြွေးတင်နေတဲ့ အမေရိကန်ဟာ ယူကရိမ်းစစ်က နုတ်ထွက်ချင်နေပါတယ်။ ဒါ့အပြင် ယူကရိမ်းစစ်မီးလျှံထွက်လာရင် စစ်မီးကူးမှာလည်း စိုးရိမ်ရတယ်။ မရှောင်သာလို့ ထိပ်တိုက်တွေ့ကြရရင်အင်အားကြီးတဲ့အမေရိကန်ကို ရုရှားကလက်ဦးမှုရယူပြီး တိုက်ခိုက်သွားနိုင်တာကိုလည်း ထည့် သွင်းစဉ်းစားရပါလိမ့်မယ်။ ဒါကြောင့် ယူကရိမ်းစစ်ကို ထရမ့်က ပြီးပြတ်ချင်နေတာပါ။
ယူကရိမ်းစစ်ဟာ ထရမ့်လက်ထက်မှာ လျော့ ကျမသွားပဲ ပိုလန်ဘက်ကို ဒရုန်းတွေကျလာတယ်။ အက်စတိုးနီးယားဘက် ရုရှားလေယာဉ်တွေရောက်လာလေတော့ စိုးရိမ်စရာတွေဖြစ်လာတယ်။ မတော်တဆ NATO နဲ့ ရုရှား ထိပ်တိုက်တွေ့ကြရင် အမေရိကန်က NATO ဘက်ကဝင်တိုက်မှာလား၊ အမေရိကန်ပါလာတာနဲ့ ရုရှားက အမေရိကန်ကို ဦးနှိမ်တိုက်ခိုက်သွားမှာ သေချာတယ်။ အမေရိကန်အနေနဲ့လည်း သူ့နယ်မြေထဲမှာ စစ်အဖြစ်မခံနိုင်ပါဘူး။ NATO က ရှောင်ထွက်သွားရင်လည်း အမေရိကန်ရဲ့ပုံရိပ်ကမြောင်းထဲရောက်သွားရပါလိမ့်မယ်။ အမေရိကန်ရဲ့ အခြေအနေကလည်း ရှေ့တိုးမရ၊ နောက်ဆုတ်မရဖြစ်နေပါတယ်။ အကောင်းဆုံးက စစ်ရပ်စဲရေးပါ။
ထရမ့်ဘက်က အားတစ်ချက် စမ်းလိုက်တာတွေ့ရတယ်။ ဘယ်လိုလဲဆိုတော့ –
“ရက် ၅ဝ အတွင်းယူကရိမ်းစစ်နဲ့ ပတ်သက်ပြီး ပူတင့်အနေနဲ့ တစ်စုံတစ်ရာ သဘောတူညီမှုတစ်ခုခုရအောင်လုပ်ပါ။ မဟုတ်ရင်တော့အလွန်ပြင်းထန်တဲ့အခွန်နှုန်းထားသစ်တွေချမှတ်တာခံရလိမ့်မယ်။ ရုရှားနဲ့ ကုန်သွယ်ဘက်တွေလည်း အဲ့ဒီအလွန်မြင့်တဲ့ အခွန်နှုန်းထားသစ်တွေနဲ့ အရေးယူတာခံရမယ်”
ပူတင့်ဘက်က ဘယ်လိုတုံ့ပြန်လာမလဲတော့ မသိသေးပါဘူး။ ထရမ့်ကစစ်ရေးနဲ့ အရေးယူပိတ် ဆို့မှုမပါတော့တဲ့ Rule of Gameအသစ်ကို ချမှတ်လိုက်ပြီး အားစမ်းလိုက်ပါတယ်။ အရင်ကတော့ အားစမ်းမှုမအောင်မြင်ခဲ့တာတွေ့ရတယ်။ ပူတင်ဆိုတာကကရင်မလင်နန်းတော်ကိုရောက်တာ ၂၅ နှစ်ကျော်သွားခဲ့ပြီကိုး။ သေချာတာကတော့ ပူတင်ဟာထရမ့်ဖော်တဲ့ လမ်းကိုလျှောက်မယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီစမ်းသပ်ချက်ဟာ Game of World Leadershipကမ္ဘာ့ခေါင်းဆောင်မှုအဆင့်စမ်းသပ်ချက်ဖြစ်နေလို့ပါပဲ။ ဒါဆိုရင်ဘာတွေဆက်ဖြစ်လာမလဲ။
အီရန် – အစ္စရေးစစ်ကတစ်ဖက်
၂၀၂၅ ဟာ ပဋိပက္ခတွေ၊ ထိပ်တိုက်တွေ့မှုတွေ၊ Social Unrest တွေ အများဆုံးနှစ်လို့ ပြောရပါလိမ့်မယ်။ နေတန်ယာဟုက အီရန်တွေရဲ့သန့်စင်ပြီး ယူရေနီယံထားတဲ့နေရာကိုသိပြီလို့ကြေညာလိုက်တယ်။ ဘာကိုပြလိုက်သလဲဆိုရင် နောက်တစ်ကြိမ် အီရန်ကို အစ္စရေးကထပ်ပြီး တိုက်ဖို့ နီးလာပြီဆိုတာကို ပြလိုက်တာပါ။ ပထမအကြိမ်မှာ အီရန်ရဲ့မြေအောက် ယူရေနီယံသန့်စင်စက်ရုံကို အမေရိကန် GPU တွေနဲ့ တိုက်ခိုက်ခဲ့တယ်။ အခုအကြိမ်မှာရော အမေရိကန်ပါဝင်ပါဦးမလား။
အစ္စရေးဟာ အမေရိကန်နဲ့ ပူးပေါင်းတိုက်ခိုက်လိမ့်မယ်လို့ သုံးသပ်ရတယ်။အမေရိကန်ပါလာရင် “စစ်ရှိန်”ပါတယ်။ ဒီတစ်ခါမှာတော့ အီရန်ဘက်က ပထမတစ်ကြိမ်မှာတုန်းကလို အီရန်ဝေဟင်ကို အစ္စရေးတွေ မလွှမ်းမိုး စေရတော့ဘူးလို့ ကြိမ်းထားတယ်။ တရုတ်ရဲ့ J – 10 တိုက်လေယာဉ်အစင်း ၄ဝ နဲ့ လေတပ်အင်အားကိုဖြည့်ဆည်းထားတယ်။ ပြီးတော့ တိုက်ချင်းပစ်ဒုံးတရုတ်လုပ်တွေနဲ့ အားဖြည့်ထားပြန်တယ်။ ဒီတစ်ကြိမ်စစ်ဖြစ်လာရင် အစ္စရေးနယ်မြေကို အီရန်ဘက်က ဒုံးတွေနဲ့ကွက်ပြည့်နင်းပြီးပြန်တုံ့ပြန်သွားမယ်လို့သတိပေးထားတာတွေ့ရတယ်။
အီရန်ကို ယူရေနီယံပိုင်ခွင့် မပေးတာက သေချာတယ်။ ဒါကြောင့် အစ္စရေး – အီရန်စစ်က ၂ဝ၂၅ ထဲမှာ ဒုတိယအကြိမ်ထပ်ဖြစ်ဖို့ ရှိလာမှာက လက်ခတ်မလွဲပါ။ ဘယ်လောက်အထိ ကျယ်ပြန့်တဲ့ စစ်မျိုးဖြစ်လာမလဲဆိုတာ ကြည့်ရပါမယ်။ ပထမတစ်ကြိမ်တုန်းက ကာတာမှာရှိတဲ့ အမေရိကန်လေတပ်စခန်းကလေယာဉ်တွေကို အသုံးပြုသွားခဲ့ပါတယ်။ ကြား ကာလမှာ ကာတာက ဟားမက်တွေကို အစ္စရေးကဝင်တိုက်ခဲ့လို့ ဆက်ဆံရေးအချိုးအကွေ့ အကြီးကြီးဖြစ်သွားခဲ့ပါပြီ။ OIC ၅၇ နိုင်ငံ စုစည်းမိသွားခဲ့ကြပြီ။ အီရန်ပါ ပါဝင် သွားခဲ့တယ်။ အစ္စလာမ်နိုင်ငံတွေကို ထိပါးရင်ကျန်နိုင်ငံတွေကလည်း NATO လိုပြန်ပြီးစုပေါင်းတိုက်ခိုက်ကြမယ်ဆိုတဲ့ သဘောတူညီချက်ကို လက်ခံခဲ့ကြပြီဖြစ်လို့ ဒီတစ်ကြိမ် အစ္စရေး – အီရန် စစ်ဖြစ်လာခဲ့ရင် အခြားအစ္စလာမ်ဘယ်နိုင်ငံတွေ ပါဝင်လာမလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။
ဒီတစ်ကြိမ်မှာ ပါကစ္စတန်က ရှေ့တန်းတက်လာပါတယ်။ ကာတာ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးနောက် တစ်ကြိမ်ဖြစ်လာတယ် ဆိုရင် ပါကစ္စတန်ရဲ့ နျူလက် နက်ကို အသုံးပြုခွင့်ပေးမယ်လို့ ကမ်းလှမ်းလိုက်တာဟာအတော်အန္တရာယ်ကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ပါကစ္စတန်ရဲ့ ပါဝင်ပတ်သက်မှုနဲ့ သူ့ရဲ့ နျူလက်နက်အသုံးပြုခွင့်ပါ ပါလာမယ်ဆိုရင်တော့ စစ်ဟာအတိုင်းအဆမဲ့ ဖြစ်သွားနိုင်ပါတယ်။
အနောက်အုပ်စုနဲ့ခရူးဆိတ်မိတ်ဆက်လား
ကြောက်စရာအကောင်းဆုံး၊ စိုးရိမ်စရာအကောင်းဆုံးက အနောက်နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြမှုတွေဖြစ်ပါတယ်။ ဒီကိစ္စက တိုးတိုးတိတ်တိတ်နဲ့ဖြစ်နေတာ ကြာလှပါပြီ။ ဒီတစ်ကြိမ်က ပွင့်အန်ထွက်လာတယ်လို့ ဆိုရပါလိမ့်မယ်။ ကြီးကြီးကျယ်ကျယ် ဆန္ဒ ပြပွဲကြီးစတင်လိုက်တာကတော့ UK မှာပါ။
နိုင်ငံအတော်များများမှာ အစ္စလာမ်ဘာသာ ကိုး ကွယ်ကြသူတွေနဲ့ ခရစ်ယာန်ဘာသာ ကိုးကွယ်ကြသူတွေအကြား ထိပ်တိုက်တွေ့ကြမှုတွေက မကြာခဏဆိုသလိုပါပဲ။ အင်္ဂလန်မှာ အင်္ဂလိပ်အလံလွှင့်ထူရင်ကို “အပြစ်” ဖြစ်တယ်လို့တောင်းဆိုလာကြတာရယ်၊ ရှယ်ရီယာဥပဒေကို ပြဋ္ဌာန်းဖို့ကြိုးစားလာကြတာတွေရယ်ကအင်္ဂလိပ်ပြည်သူတွေကို အမျိုးသားစိတ်နှိုးဆွလိုက်သလိုဖြစ်ခဲ့လိုက်တယ်။ အင်္ဂလိပ်သမိုင်းမှာအကြီးဆုံး ဆန္ဒပြပွဲကြီးဖြစ်သွားပြီးလူ (သန်း)ချီ ဆန္ဒပြခဲ့ကြတာ တွေ့ရတယ်။
UKမှာလိုပဲ ဂျာမနီ၊ သြစတေးလျ၊ ဩစတြီးယား၊ အိုင်ယာလန်၊ ဂျပန်၊ ဂျာမန်၊ အီတလီ စတဲ့နိုင်ငံတွေမှာလည်း သိန်းချီတဲ့ လူအုပ်ကြီးတွေဆန္ဒပြလာကြတာတွေ့ရတယ်။ ရွှေ့ပြောင်းလာသူတွေကို မူရင်းနိုင်ငံပြန်ပို့ပေးဖို့ တောင်းဆိုကြတဲ့ ဆန္ဒပြမှုတွေပါ။ ဘယ်လိုမှပြန်လို့မဖြစ်နိုင်တော့ပါဘူး။ ဒါဖြင့် ရေရှည်မှာ ဘယ် လိုထိန်းကြမလဲဆိုတာ မေးခွန်းဖြစ်လာပါပြီ။ နှစ်ဖက်လုံးက စိတ်ဒဏ်ရာတွေ အသီးသီးရသွားခဲ့ကြပြီဖြစ်လို့ အတူအေးချမ်းစွာနေထိုင်ရေးက ရေရှည်မှာ ဖြစ်နိုင်ဖွယ်ရာမရှိတော့ပါဘူး။
ကမ္ဘာ့သမိုင်းမှာ အရင်ကလည်း ခရူးဆိတ်စစ်ပွဲ ရှစ်ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ လောလော ဆယ်မှာလဲ အစ္စရေးနဲ့ ဂါဇာကိစ္စ၊ အစ္စရေး၊ အီရန်ကိစ္စ အဆိုးဆုံးဖြစ်သွားတာက အစ္စရေးနဲ့ ကာတာကိစ္စတွေပါ။ Qatar တိုက်ခိုက်မှု နောက်ပိုင်း အစ္စလာမ်ကမ္ဘာကြီးရင်ချင်း အပ်သွားတာက ခရူးဆိတ်ကို မျက်စပစ်ပြလိုက်သလိုပါပဲ။
ယူကရိမ်းစစ်ကပြီးဖို့ မလွယ်လှသေးပါဘူး။ စစ်မီးမကျအောင် ကြိုးစားဖို့တောင်မလွယ်တဲ့ကိစ္စဖြစ်နေတာတွေ့ရတယ်။ ဂါဇာကို ဖိအားတွေကြောင့် ခဏရပ်လိုက်ပေမယ့် ဆက်ဖြစ်ဖို့က ရှိနေပါသေးတယ်။ လက်ဘနွန်၊ ယီမင်တို့နဲ့ ဆီးရီးယား ကိစ္စတွေက အချိန်မရွေး မီးတောက်နိုင်ပါတယ်။ ဒီကြားထဲ ကြားပေါက်က ဗင်နီဇွဲလားစစ်ရေးပါ။
အီရန်စစ်မှာ ဘယ်လောက်အထိ ကျယ်ပြန့်လာမလဲကလည်းသတိချပ်စရာ ဖြစ်ပါတယ်။ စီးပွားရေးဘက်ကလည်းလှိုင်းထလျက် ရှိနေဆဲပါ။ လှိုင်းငြိမ်ဖို့ တွက်ဆရခက်ခဲလှပါသေးတယ်။
အနောက်နိုင်ငံများစွာကို ကူးစက်လာပြီဖြစ်တဲ့ ဘာသာရေးထိပ်တိုက်တွေ့မှုတွေက တငွေ့ငွေ့ လောင်နေတဲ့ဖွဲမီးလို တိုးတက်လာတာတွေ့ရတယ်။ အဲ့ဒီစစ်မျိုးဖြစ်လာရင် နိုင်ငံအချင်းချင်းထက် အများကြီး ကျယ်ပြန့်ပါတယ်။ တစ်ကမ္ဘာလုံးမှာအင်အားအကြီးဆုံးကိုးကွယ်တဲ့ဘာသာကြီးနှစ်ခုအကြားဖြစ်မယ့်စစ်ဖြစ်တာကြောင့် မမှန်းဆရဲအောင် ကျယ်ပြန့်ပျက်စီးဖို့ရှိလာပါလိမ့်မယ်။ အိုးထိန်းစက်ဟာ အရှိန်တစ်စတစ်စပိုလာပြီး ကမ္ဘာကြီးကို လှုပ်ခါနေပါပြီ။
#PAN