ပုလောမြို့နယ်၌ အကြမ်းဖက်အဖွဲ့ PDF က စာသင်ကျောင်းဆောင် တစ်ဆောင်အား မိုင်းထောင်ဖောက်ခွဲကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးအား သတ်ဖြတ်

(မှုခင်း) အောက်တိုဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အောက်တိုဘာ ၂၃ ရကနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်အဖွဲ့ PDF က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်၍ စာသင်ကျောင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပုလောမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးဝေ၊ ၅၄ နှစ်သည် ပုလောမြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်မှ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ရုံးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆိုင်ကယ်ဖြင့်ထွက်ခွာလာစဉ် အဆိုပါရပ် ကွက်ရှိ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းရှေ့အရောက်၌ အကြမ်းဖက်အဖွဲ့ PDF အင်အား (စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဦးစိုးဝေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အကြမ်းဖက်သမားများက စာသင်ကျောင်းဝင်းအတွင်းရှိ RC တစ်ထပ် စာသင်ကျောင်းဆောင်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သဖြင့် ပေါက်ကွဲခဲ့မှုကြောင့် စာသင်ကျောင်းဆောင်၏ အမိုးသွပ်၊ မျက်နှာကြက်နှင့် ပြတင်းပေါက်မှန်များ တန်ဖိုးငွေကျပ် သိန်း ၆၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်၍ စာသင်ကျောင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွား ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များအား ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းနှင့် အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန် နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လျက် ရှိပြီး နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်ခြင်း၊ ဌာနဆိုင်ရာ အဆောက်အအုံ၊ စာသင်ကျောင်းများနှင့် ပြည်သူများ၏နေအိမ်များကိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများအား လုပ်ဆောင်လျက်ရှိသည်။

PAN