(မှုခင်း) နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မော်တော်ယာဉ်တစ်စီးကို စစ်ဆေးရှာဖွေရာမှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၄၇၀ ခန့်ရှိ စိတ်ကြွဆေးပြား ၂၉၄,၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့၊ ရပ်ကွက် (၈)၊ အင်ကြင်းလမ်းတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ စစ်ဆေးရန် TOYOTA ALPHARD အမျိုးအစား မော်တော်ယာဉ်တစ်စီးကို ရပ်တန့်ခိုင်းခဲ့ရာ ယာဉ်မောင်းဖြစ်သူ ကျော်လင်း (ခ) ကဒီမွတ်လာနှင့်အတူ လိုက်ပါလာသည့် စောလင်းထက် (ခ) ကိုထက်တို့အနက် စောလင်းထက်မှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ယင်းနောက် ကျော်လင်း (ခ) ကဒီမွတ်လာနှင့်အတူ မော်တော်ယာဉ်ကို ဆက်လက်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၂၉၄,၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၄၇၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၄၈ နှစ်အရွယ် ကျော်လင်း (ခ) ကဒီမွတ်လာနှင့် စောလင်းထက် (ခ) ကိုထက်တို့အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး မူးယစ်ဆေးဝါးနှင့် ဆက်စပ်ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN