(ပြည်တွင်း) နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည့် ကျေးရွာငါးရွာမှ အိမ်ထောင်စု ၃၃၄ စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဘက်စုံသုံးငွေသားထောက်ပံ့မှုအဖြစ် စုစုပေါင်း ကျပ် ၁,၂၀၂ ဒသမ ၄ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့မှုကို နိုဝင်ဘာ ၁၀ ရက်တွင် လေးမျက်နှာမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သရက်ကန်၊ ညောင်ပင်ဝဲ၊ ကွမ်းခြံကုန်း၊ မသဲကုန်းနှင့် ရွှေကညင်ပင်ကျောင်းစုကျေးရွာတို့မှ ရေဘေးသင့်အိမ်ထောင်စုများကို တစ်စုလျှင် ကျပ် ၃၆၀,၀၀၀ စီ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
ငွေသားထောက်ပံ့မှုမပေးအပ်မီ လေ့ကျင့်သင်ကြားထားသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကျေးရွာများအတွင်း ကွင်းဆင်းလေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ကြပြီး အိမ်ထောင်စုများထံ ငွေသားပေးအပ်ရာတွင် QR Code System ကို အသုံးပြုခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) က အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းစဉ်တစ်လျှောက် ကြက်ခြေနီဝန်ထမ်းများနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အသိပေးချက်အရ သိရသည်။

Telegram – t.me/positiveanglenews
#PAN