(ပြည်တွင်း) အောက်တိုဘာ ၂၃

ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၂ ရက် မွန်းလွဲပိုင်းမှာကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၄/၂၀၂၅)မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က ပြောကြားခဲ့ကြောင်း သိရပါတယ်။
လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ပွင့်လင်း မြင်သာတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ရန်၊ ရွေးကောက်ပွဲမှာ အသုံးပြုမည့် မြန်မာ အီလက်ထရောနစ်မဲပေးစက်(MEVM)ကို ပြည်သူများအသုံးပြုတတ်စေရန်၊ ပညာပေးရေး၊ ရွေးကောက်ပွဲကာလ အတွင်း လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရပါတယ်။
ပညာရေးနှင့်ပတ်သက်၍ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများကို အားပေးဆောင်ရွက် ရန်၊ ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့်နီးပါး အတန်းစဉ် အောင်မြင်ရန်၊ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြား ပေးရန်၊ အတန်းစဉ်ကူးပြောင်းရာမှာ ရှိရင်းကျောင်းသားဦးရေထက် လျော့နည်းမသွားစေရေး ကြပ်မတ်ဆောင်ရွက်ရန် တို့ကို မှာကြားခဲ့ကြောင်း သိရပါတယ်။
ကျန်းမာရေးနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ရာမှာ ရောဂါမဖြစ်ပွား စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ရောဂါဖြစ်ပွား လာပါကလည်း အရည်အသွေးပြည့်ဝတဲ့ ဆေးဝါး ကုသမှုပေးနိုင်ရေး ဆောင်ရွက်ပေးရန်တို့ကိုလည်းမှာကြားခဲ့ပါတယ်။
ဒါ့အပြင် အားကစားကဏ္ဍနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့ကြီးများမှာ မိုးလုံလေလုံ အားကစားရုံ၊ ရေကူးကန်၊ လူ ၅,၀၀၀ ပွဲကြည့်နိုင်တဲ့ အဆင့်မြင့် ပွဲကြည့်စင်နှင့် Synthetic Rubber Track and Field ကွင်းအပါအဝင် ဘောလုံးကွင်းများကို ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်း အောင် လေ့ကျင့်မွေးမြူပြီး အားကစားကဏ္ဍကိုမြှင့်တင်ပေး ကြရန်၊ မကြာမီထိုင်းနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာလည်း အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင် အားပေးဆောင်ရွက်ကြရန်လည်းမှာကြားခဲ့ကြောင်း သိရပါတယ်။