အီရန်စစ်ပွဲကြောင့် အမေရိကန်နှင့် ဥရောပ ဆက်ဆံရေး တင်းမာလာ – ဥရောပရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းရန် ထရန့် ခြိမ်းခြောက်

(နိုင်ငံတကာ)မေ ၂

     ​​အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်စစ်ပွဲအပေါ် ၎င်း၏ ကိုင်တွယ်ပုံကို ဝေဖန်နေကြသည့် ဥရောပနိုင်ငံများနှင့် တင်းမာမှုများ မြင့်တက်လာစဉ်အတွင်း ဂျာမနီ၊ အီတလီနှင့် စပိန်နိုင်ငံတို့တွင် တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းရန် စဉ်းစားနေကြောင်း လွန်ခဲ့သည့် ၄၈ နာရီအတွင်းက ပြောကြားခဲ့သည်။

     ယခုသီတင်းပတ်အစောပိုင်းက ဂျာမနီအဓိပတိ ဖရိုင်းဒရစ် မာ့ဇ် (Friedrich Merz)က လက်ရှိဖြစ်ပွားနေသော စစ်ပွဲတွင် အမေရိကန်သည် အီရန်၏ “အရှက် ခွဲခြင်း” ကို ခံနေရပြီး ထရန့်အစိုးရတွင် ပဋိပက္ခကို အဆုံး သတ်ရန် “ဆွဲဆောင်မှုရှိသော မဟာဗျူဟာ” မရှိကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် ဤစစ်ပွဲသည် ဥရောပ၏ စီးပွားရေးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။

     အင်္ဂါနေ့တွင် ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်၌ မာ့ဇ်သည် အီရန်တွင် နျူကလီးယားလက် နက်ရှိခြင်းကို လက်ခံနေသူဖြစ်ပြီး ၎င်းပြောနေသည်များကို ၎င်းကိုယ်တိုင်ပင် နားမလည်ကြောင်း ပြန် လည်တုံ့ပြန်ခဲ့သည်။ နောက်တစ်နေ့တွင်လည်း ဂျာမနီရှိ တပ်ဖွဲ့ဝင်များကို လျှော့ချရန် လေ့လာသုံးသပ်နေပြီး မကြာမီ ဆုံးဖြတ်ချက်ချမှတ်မည်ဟု ရေးသားခဲ့သည်။ ကြာသပတေးနေ့တွင် အီတလီနှင့် စပိန်တို့မှ တပ်ဖွဲ့များ ရုပ်သိမ်းရေးနှင့် ပတ်သက်၍ မေးမြန်းရာ၌လည်း အီတလီသည် အမေရိကန်ကို မည်သို့မျှ အကူအညီမပေးဘဲ စပိန်မှာလည်း “အလွန်ဆိုးရွားသော” နိုင်ငံဖြစ် ကြောင်း ထရန့်က ပြောကြားခဲ့သည်။

     ပန်တဂွန်၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ ဥရောပတွင် အမေရိကန် တာဝန်ထမ်းဆောင်ဆဲ စစ်သည်အင်အား ၆၈,၀၆၄ ဦးခန့် ရှိသည်။ အမေရိကန်တပ်ဖွဲ့များကို ဥရောပတစ်လွှားရှိ အမြဲတမ်းအခြေစိုက်စခန်း ၃၁ ခုနှင့် စစ်ဘက်ဆိုင်ရာနေရာ ၁၉ ခုတွင် ဖြန့်ကျက်ထားသည်။

     ဥရောပတွင် အမေရိကန်၏ အကြီးဆုံးအခြေစိုက်စခန်းမှာ ဂျာမနီရှိ ရမ်စတိုင်း (Ramstein) လေတပ်အခြေစိုက်စခန်း ဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ ဂျာမနီတွင် တပ်ဖွဲ့ဝင် ၃၆,၄၃၆ ဦး တပ်စွဲထား သည်။ ယူနိုက်တက်ကင်းဒမ်းတွင် လေတပ်သားအများစုပါဝင်သော တပ်ဖွဲ့ဝင် ၁၀,၁၅၆ ဦး ရှိသည်။ အီတလီ၌ ဒုတိယကမ္ဘာစစ်အပြီးကတည်းက တပ်စွဲထားခြင်းဖြစ်ပြီး စစ်သည်အင်အား ၁၂,၆၆၂ ဦး ရှိသည်။ စပိန်နိုင်ငံ ဂျီဘရော်လ်တာရေလက်ကြားအနီးတွင် ရေတပ်နှင့် လေတပ်အခြေစိုက်စခန်းများ ရှိပြီး တပ်ဖွဲ့ဝင် ၃,၈၁၄ ဦး ရှိသည်။ ပိုလန်၊ ရိုမေးနီးယားနှင့် ဟန်ဂေရီနိုင်ငံများတွင် အမြဲတမ်းတပ်ဖွဲ့ဝင် အနည်းငယ်အပြင် ရုရှားကို ဟန့်တားရန်အတွက် အလှည့်ကျတာဝန်ထမ်းဆောင်သည့် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ထားရှိသည်။

     ဥရောပရှိ အမေရိကန် စစ်အင်အားဖြန့်ကျက်မှု သည် ဒုတိယကမ္ဘာစစ်ကတည်းက စတင်ခဲ့ခြင်းဖြစ် သည်။ စစ်အေးတိုက်ပွဲ စတင်ချိန်တွင် စစ်အင်အားကို လျှော့ချခဲ့သော်လည်း အမေရိကန်၏ မစ်ရှင်မှာ ဆိုဗီယက်ယူနီယံရန်မှ ဥရောပကို ကာကွယ်ရန်ဖြစ်လာသည်။

     သို့သော်လည်း ဤအခြေစိုက်စခန်းများသည် ဥရောပ၏ လုံခြုံရေးအတွက်သာမက ဥရောပပြင်ပရှိ အမေရိကန်၏ စစ်ရေးနှင့် နိုင်ငံခြားရေးရည်မှန်းချက်များအတွက်ပါ အလွန်အရေးပါခဲ့သည်။

     သမ္မတထရန့်က ခြိမ်းခြောက်နေသော်လည်း ဥရောပမှ တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းရန်မှာ ဥပဒေကြောင်းအရ ခက်ခဲနိုင်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။ ၂၀၂၆ ခုနှစ် အမျိုးသားကာကွယ်ရေး လုပ်ပိုင် ခွင့်အက်ဥပဒေ (NDAA) အရ ဥရောပရှိ အမေရိကန်တပ်ဖွဲ့ဝင် အင်အားကို ၇၅,၀၀၀ အောက် အမြဲ တမ်း လျှော့ချခြင်းမပြုရန် အထက်လွှတ်တော်က ကန့် သတ်ထားပြီး ဖြစ်သည်။

     ဤစခန်းများသည် အမေရိကန်အတွက် အဓိက ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်များ (Logistical Hubs) ဖြစ်ကြသည်။ အမေရိကန်အနေဖြင့် အီရတ်၊ အာဖဂန်နစ္စတန်နှင့် ယခု အီရန်စစ်ပွဲများအထိ အရှေ့အလယ်ပိုင်းတွင် စစ်ဆင်ရေးများ ဆင်နွှဲနိုင်ရန် ဤစခန်းများက အထောက်အကူပြုနေခြင်းကြောင့် စစ်ဘက်ဆိုင်ရာ အကြီးအကဲများ၏ ရုပ်သိမ်းရန် သဘောတူညီမှုရရန် ခက်ခဲလိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

​#Trump #Europe #USMilitary #NATO #Germany #Italy #IranWar #PositiveAngleNews #BreakingNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN