ကမ္ဘောဒီးယားနိုင်ငံက ရှီရှားနှင့် အီး-စီးကရက်များကို တားမြစ်ပိတ်ပင်သည့် အမိန့်ထုတ်ပြန်

(နိုင်ငံတကာ) အောက်တိုဘာ ၂၃

ကမ္ဘောဒီးယားနိုင်ငံက လူငယ်များ၏ ကျန်းမာရေးကိုကာကွယ်ရန်နှင့် လူမှုရေးဆိုင်ရာ စံနှုန်းများကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ရှီရှားပိုက်များနှင့် အီး-စီးကရက်များ(e-cigarettes)ကို တားမြစ်ပိတ်ပင်သည့် ညွှန်ကြားချက်အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ တားမြစ်ပိတ်ပင်အမိန့်ကို အောက်တိုဘာလ ၂၁ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မီဒီယာများသို့ အောက်တိုဘာလ ၂၂ ရက်က ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ လူငယ်များနှင့် ကလေးများ အကြားတွင် ရှီရှားနှင့် အီးစီးကရက်များ သောက်သုံးမှုပျံ့နှံ့နေခြင်းကို အစိုးရအဖွဲ့က သတိပြုမိခဲ့ပြီးနောက် ယခုလို တားမြစ်ပိတ်ပင်သည့်အမိန့် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မန်နက် က ပြောကြားခဲ့သည်။

“ရှီရှားနဲ့ အီးစီးကရက်တွေက လူမှုရေးပိုင်း၊ ပြည်သူ့ကျန်းမာရေး၊ အထူးသဖြင့် ကျောင်းသားတွေနဲ့ ပညာရေး နယ်ပယ်ကသူတွေရဲ့ ကျန်းမာရေးအတွက် သိသာထင်ရှားတဲ့ ဆိုးကျိုးသက်ရောက်မှု ရှိနေပါတယ်။

တစ်ချိန်တည်း မှာပဲ ဒီထုတ်ကုန်တွေကို အသုံးပြုတာက တခြားတရားမဝင် မူးယစ်ဆေးဝါးတွေကို သုံးစွဲဖို့အတွက် တံခါးပေါက်တစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

“ဆေးလိပ်သောက်ဖို့အတွက် လျှပ်စစ်ပစ္စည်းကိရိယာတွေနဲ့ ဓာတုပစ္စည်းတွေ တင်သွင်းမှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ ကြော်ငြာမှု၊ အသုံးပြုမှု၊ လက်ဝယ်ပိုင်ဆိုင်ထားမှု၊ ထုတ်လုပ်မှု၊ သိုလှောင်မှုတွေနဲ့ ရှီရှားပုံစံနဲ့ အမျိုးအစား ပေါင်းစုံ အားလုံးကိုလည်း တားမြစ်ပိတ်ပင်ထားပါတယ်” ဟုလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အလားတူ အစိုးရနှင့်ပုဂ္ဂလိကကျောင်းများ၊ ဆရာအတတ်သင်လေ့ကျင့်ရေးကျောင်းများ၊ အဆောင်များ၊ လူ့အဖွဲ့အစည်းအတွင်းမှ သင်ကြားရေးစင်တာများ၊ ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးခန်းမများ၊ အားကစားဆိုင်ရာ အဆောက်အအုံများနှင့် အနီးပတ်ဝန်းကျင်တွင် ဆေးလိပ်နှင့် ရှီရှားသောက်သုံးရန် လျှပ်စစ်ပစ္စည်းကိရိယာများနှင့် ဓာတုဗေဒပစ္စည်းများအသုံးပြုမှုကို တားမြစ်ပိတ်ပင်ရန်လည်း ပညာရေးဝန်ကြီးဌာနအား ဝန်ကြီးချုပ်က ညွှန်ကြားခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သော ကမ္ဘောဒီးယားနိုင်ငံသည် ရှီရှားနှင့် အီးစီးကရက်များ တင်သွင်းခြင်း၊ ရောင်းချခြင်းနှင့် အသုံးပြုခြင်းများကို ၂၀၁၄ ခုနှစ်အတွင်းက ပထမဆုံးအကြိမ် တားမြစ်ပိတ်ပင်ခဲ့သည်။

ရှီရှားနှင့် အီးစီးကရက်များသည် သုံးစွဲသူများ၏ကျန်းမာရေးကို ပြင်းထန်ဆိုးရွားစွာ ထိခိုက်စေကြောင်း၊ အီး စီးကရက်များတွင် ပုံမှန်စီးကရက်ထက် ကျန်းမာရေးကို ပိုမိုဆိုးရွားစွာ ထိခိုက်စေနိုင်သော နီကိုတင်းဓာတ်ပါဝင်မှုနှုန်း မြင့်မားကြောင်း၊ အဆိုပါထုတ်ကုန်များကို ဆေးခြောက်၊ အခြားဆေးဝါးများနှင့် အသုံးပြုထားခြင်းဖြစ်ပြီး ရှီရှားတွင် အဆိပ်အတောက်ပါဝင်မှုနှုန်း မြင့်မားနေကြောင်း ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။

အဆိုပါ ရှီရှားနှင့် အီးစီးကရက် ထုတ်ကုန်များသည် ပြင်းထန်သော အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ ဦးနှောက်ဖွံ့ဖြိုးမှုကို ပျက်စီးစေမှု၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်း၊ မျိုးမအောင်ခြင်း၊ အစာအိမ် ကင်ဆာနှင့် ဆီးအိမ်ကင်ဆာများကို ဖြစ်ပွားစေနိုင်ကြောင်းလည်း ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနက သတိပေး ထားသည်။

သတင်းအပြည့်အစုံဖတ်ရန်….

Webpage>>…

VK Link>>…

https://vk.com/wall-220066330_12960

Telegram»…

https://t.me/positiveanglenews

#PAN