
(ပြည်တွင်း) ဇွန် ၂၇
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းသို့ စား သောက်ကုန် အဓိကပံ့ပိုးပေးပြီး ပြည်ပသို့ တင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရမည်ဟူသော မျှော်မှန်းချက်ဖြင့် အစား အသောက်မူဝါဒကော်မရှင် အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် ရိက္ခာဖူလုံရေးသည် အဓိကကျသော အမျိုးသားရေးမူဝါဒတစ် ရပ်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းစီအလိုက် ပြည်တွင်း၌ ဖူလုံမှုရှိစေရန် သင့်လျော်ပြီး ဖြစ်ထွန်းအောင်မြင်နိုင်မည့် သစ်သီးဝလံများနှင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်ရန် မူဝါဒတစ်ရပ်အား အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေ ဧက ၃၃ သန်းကျော်ရှိသည့်အနက် စပါးကို ဧက ၁၅ သန်းခန့်၊ ပြောင်းကို ၁.၉ သန်းခန့်၊ ပဲမျိုးစုံကို ၂.၇ သန်းခန့်နှင့် နှမ်းကို ဧက ၄ သန်းခန့် စိုက်ပျိုးနေပြီး ပြည်တွင်း၌ စားသုံးဆီနှင့် ဂျုံ ဖူလုံစွာ ထုတ်လုပ်နိုင်ရေးအတွက်လည်း မူဝါဒများ ချမှတ်သွားမည်ဖြစ်ကြောင်း ဆိုသည်။
စိုက်ပျိုးရေးကဏ္ဍတွင် မြေယာကို တိုးချဲ့ခြင်းထက် ထိရောက်စွာ အသုံးချရန်၊ သီးထပ်သီးညှပ်စနစ်များ မြှင့်တင်ရန်နှင့် ဆည်ရေရရှိသောဒေသများတွင် သီးနှံစိုက်စွမ်းအားကို ၃၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာစေရန် အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် တောင်သူများအတွက် စိုက်ပျိုးရေးချေးငွေများ ထပ်မံထုတ်ချေးပေးရန်၊ ပြည်တွင်း၌ ဓာတုမြေသြဇာနှင့် သဘာဝမြေသြဇာများ ထုတ်လုပ်အသုံးပြုရန်နှင့် ခေတ်မီလယ်ယာသုံးစက်ကိရိယာစနစ်များ ဖော်ဆောင်ရန် ညွှန်ကြားခဲ့သည်။
အစည်းအဝေးတွင် ကော်မရှင်အတွင်းရေးမှူး ပြည် ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးနှင့် ဝန်ကြီးများက ရိက္ခာဖူလုံရေး အကောင်အထည် ဖော်မှုကော်မတီများ ဖွဲ့စည်းမှု၊ မွေးမြူရေးဇုန်များ တိုးချဲ့မှု၊ လယ်ယာထွက်ကုန်ပစ္စည်း စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းမှုနှင့် မြစ်ချောင်းများအတွင်းရှိ ရေအရည်အသွေး ထိန်းချုပ်မှု ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်သမ္မတက နိုင်ငံတော်က တောင် သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ချ မှတ်ပေးသကဲ့သို့ တောင်သူများကိုယ်တိုင်ကလည်း စိုက်ပျိုးမြေဧရိယာအပြည့်အဝ စိုက်ပျိုးကာ အထွက်နှုန်း ကောင်းမွန်စေရေး ကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးညိုစော၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် UMFCCI၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မွေးမြူရေးလုပ် ငန်းအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN