
(နိုင်ငံတကာ) ဇွန် ၂၇
အမေရိကန်ပြည်ထောင်စုနှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင် ရွက်ရေးကောင်စီ (GCC) နိုင်ငံများအကြား ဘာရိန်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဝန်ကြီးအဆင့်အစည်းအဝေးအပြီး ထုတ်ပြန်ချက်သည် “ဝင်ရောက်စွက်ဖက်သော၊ တာ ဝန်မဲ့သော၊ ရန်စသော” လုပ်ရပ်ဖြစ်ကြောင်း အီရန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ယနေ့ (သောကြာနေ့) တွင် ပြင်းပြင်း ထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပြီး ၎င်းတို့၏ စစ်ရေးစွမ်းဆောင်ရည်နှင့် အမျိုးသားဂုဏ် သိက္ခာမှာ မည်သည့်အဖွဲ့အစည်းနှင့်မျှ အပေးအယူလုပ်မည့် အကြောင်းအရာမဟုတ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) နှင့် ပင်လယ်ကွေ့နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် အီရန်နှင့် ကုန်သွယ်ရေးပြုလုပ်မှုကို ကန့် သတ်ချက်များထားရှိရန် အီရန်၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်စွမ်းရည်များကို တားဆီးရန်၊ ဟစ်ဇ်ဘိုလာအပါ အဝင် ဒေသတွင်းလက်ဝေခံအဖွဲ့များကို လက်နက်ဖြုတ်သိမ်းရန်နှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)ကို လွတ်လပ်စွာ ဖြတ်သန်းခွင့်ပြုရန် တောင်းဆိုထားသည်။
အဆိုပါထုတ်ပြန်ချက်အပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာဂါအီ (Esmaeil Baghaei) က အီရန်၏ နျူကလီးယားစီမံကိန်းမှာ ငြိမ်းချမ်းသော ရည်ရွယ်ချက်သာဖြစ်ပြီး အစ္စရေး၏ နျူကလီးယားလက် နက်ပိုင်ဆိုင်မှုကိုမူ အမေရိကန်က လျစ်လျူရှုထားကြောင်း၊ ဒုံး ကျည်နှင့် ဒရုန်းစွမ်းရည်များမှာ တရားဝင်ကိုယ်ပိုင်ကာကွယ်ခွင့်ဖြစ်၍ ဆွေးနွေးညှိနှိုင်းစရာမလိုကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ထို့ပြင် မကြာသေးမီက အမေရိကန်နှင့် အစ္စရေးတို့ အီရန်ကို တိုက်ခိုက်စဉ်က ပင်လယ်ကွေ့ရှိ စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ပေးခဲ့သည့် အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများအနေ ဖြင့် ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ရန်နှင့် အိမ်နီး ချင်းကောင်းပီသမှုမူဝါဒကို လိုက်နာရန် တီဟီရန်က တိုက်တွန်းခဲ့သည်။
အထူးသဖြင့် ကမ္ဘာ့ရေနံလမ်းကြောင်းအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားနှင့် ပတ်သက်၍ အီရန်နိုင်ငံ ခြားရေးဒုဝန်ကြီး ကာဇင် ဂါရီဘာဘာဒီ (Kazem Gharibabadi) က အီရန်ကို ဖယ်ထုတ်ထားသည့် မည်သည့်အစီအစဉ်အောက်တွင်မဆို သင်္ဘောများ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်မှုကို အာမခံချက်ပေးမည်မဟုတ်ကြောင်း သတိပေးခဲ့သည်။
အလားတူ အီရန်အဓိပတိခေါင်းဆောင်ကြီး၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ် အလီ အက္ကဘာ ဗီလာယာတီ (Ali Akbar Velayati)ကလည်း ပင်လယ်ကွေ့၏ တည်ငြိမ်မှုမှာ အနောက် အုပ်စုစစ်အာဏာကြောင့် မဟုတ်ဘဲ အီရန်၏ စီမံခန့်ခွဲမှုကြောင့်သာ ဖြစ်ကြောင်း၊ ဒေသတွင်း အင်အားပြန်လည်ချိန်ညှိမှုကြီးတွင် အမေရိကန်အားကိုးနေသည့် ပတ်ဝန်းကျင်က နိုင်ငံငယ်လေးများအတွက် နေရာမရှိဘဲ ၎င်းတို့၏ မဟာဗျူဟာမြောက် ရေရှည်ရှင်သန်မှုမှာ “တီဟီရန်၏ သည်းခံခွင့်လွှတ်မှု” အပေါ်တွင်သာ မူတည်နေကြောင်း အပြင်းထန်ဆုံး စကားလုံးများဖြင့် သတိပေးပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN