
(နိုင်ငံတကာ) ဇွန် ၂၇
တောင်ကိုရီးယားနိုင်ငံ၏ သမ္မတကတော်ဟောင်း ကင်မ်ကီယွန်ဟီး (Kim Keon Hee) သည် ၎င်း၏ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ယွန်းဆော့ယောလ် (Yoon Suk Yeol) ရာထူးသက်တမ်းအတွင်းနှင့် ရာထူးသက်တမ်းပြီးနောက် ပိုင်းတွင် နိုင်ငံရေးမျက်နှာသာပေးမှုများနှင့် လဲလှယ်၍ လာဘ်ငွေနှင့် ဇိမ်ခံပစ္စည်းများ လက်ခံခဲ့မှုဖြင့် ဆိုးလ်ဗဟိုခရိုင်တရားရုံးက ယနေ့ (သောကြာနေ့) တွင် ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်လိုက်သည်။
တရားသူကြီးချုပ် ချိုဆန်ပြို (Cho Sun-pyo) က “တရားခံဟာ သမ္မတကတော်အာဏာကို အလွဲသုံးစားလုပ်ပြီး အစိုးရရာထူးနေရာတွေနဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ပေးအပ်ခဲ့တဲ့အပြင်၊ လာဘ်လာဘတွေကိုလည်း တွန့် ဆုတ်ခြင်းမရှိဘဲ လက်ခံခဲ့ပါတယ်” ဟု ပြတ်ပြတ်သားသား စီရင်ချက်ချခဲ့သည်။ တရားရုံးသည် သူမအား ထောင်ဒဏ်အပြင် ကိုရီးယားဝမ် ၆၄.၈ သန်း (အမေရိကန်ဒေါ်လာ ၄၂,၀၀၀ ခန့်) ဒဏ်ငွေချမှတ်ခဲ့ပြီး လက်ခံရရှိထားသည့် တန်ဖိုးကြီးပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ပေးခဲ့သည်။
ကင်မ်သည် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ထံမှ ဝမ်သန်း ၁၀၀ ကျော်တန်ဖိုးရှိ လက်ဝတ်ရတနာများ ယူကာ သမက်ဖြစ်သူကို အစိုးရအလုပ်ပေးခဲ့ခြင်း၊ Dior လက်ကိုင်အိတ် လက်ခံခြင်း၊ သမ္မတရာထူးအတွက် ကူညီပေးသည့် ရှေ့နေချုပ်ဟောင်းထံမှ ကျော်ကြားသော ပန်းချီကားတစ်ချပ် ယူခြင်းနှင့် အမျိုးသားပညာရေးကော်မရှင်ဥက္ကဋ္ဌ ရာထူးခန့်အပ်ရန် ရွှေလိပ်ရုပ်တု လာဘ်ယူခြင်းတို့အတွက် ပြစ်မှုထင်ရှားခဲ့ခြင်း ဖြစ်သည်။
သူမ၏ ရှေ့နေများကမူ ၎င်းတို့မှာ လက်ဆောင်များသာဖြစ်ပြီး လာဘ်ငွေမဟုတ်ကြောင်းဆိုကာ အယူခံဝင်ရန် ပြင်ဆင်နေကြသည်။
သမ္မတကတော်ဟောင်း ကင်မ်သည် ပြီးခဲ့သည့် ဧပြီလကလည်း စတော့ရှယ်ယာဈေးကစားမှု၊ ယူနီဖီကေးရှင်းဘုရားကျောင်း (Unification Church) ထံမှ လာဘ်ယူမှုတို့ဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရပြီး ဖြစ်သဖြင့် ယခုစီရင်ချက်သည် သူမအတွက် ဒုတိယမြောက် ထောင်ဒဏ်ဖြစ်သည်။
သူမ၏ခင်ပွန်း သမ္မတဟောင်း ယွန်းဆော့ယောလ်သည်လည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာရန် အကွက်ဆင်ကာ မြောက်ကိုရီးယားသို့ စစ်ဘက်ဒရုန်းများ စေလွှတ်မှု၊ ပုန်ကန်မှုဦးဆောင်မှုတို့ဖြင့် ၂၀၂၅ ခုနှစ်တွင် ရာထူးမှ ဖယ်ရှား (Impeached) ခြင်းခံခဲ့ရပြီး လက်ရှိတွင် တစ်သက်တစ်ကျွန်း (Life Sentence) ထောင်ဒဏ် ကျခံနေရသည်။
Telegram»…
https://t.me/positiveanglenews
#PAN