ပေါက်ခေါင်းမြို့နယ်၌ အကြမ်းဖက် PDF အဖွဲ့ဝင်များမှက ဖမ်းဆီးခေါ်ဆောင်၍ ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး


(မှုခင်း) အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ စိုင်ပစ်အင်းကျေးရွာနေ အပြစ်မဲ့အရပ်သား တစ်ဦးအား အောက်တိုဘာ ၁၈ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် PDF အဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စည်တွင် အဆိုပါကျေးရွာနေ ကိုချမ်းမြေ့အောင်၊ ၂၆ နှစ်သည် ၎င်း၏ဇနီးဖြစ်သူ မဖြူဖွေး(ခ)စန်းသီတာအောင်၊ ၂၇ နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် ခုနစ်ဦးခန့် ရောက်ရှိလာပြီး ကိုချမ်းမြေ့အောင်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျေးရွာ၏အနောက်ဘက် ၄ ဖာလုံခန့်အကွာအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

PAN