ဉာဏသမ္ပယုတ် ပညာနှင့်ယှဉ်ခြင်း

(ဆောင်းပါးကဏ္ဍ) အောက်တိုဘာ ၁၄
နေဇင်လတ်

      မြန်မာတွေအလွဲကြီးလွဲနေကြတဲ့အချက်ကသုတတိမ်ခြင်း (Shallow Knowledge)ကိုပင် ပညာရယ်လို့ ထင်မှတ်မှားနေခြင်းဖြစ်တယ်။ Knowledge ကို မြန်မာမှုပြုရာမှာ “ပညာ”ဟု ပြန်ဆိုထားတဲ့အတွက် Knowledge အဆင့်ကို ပညာလို့မြင်တွေ့ခံယူနေကြတော့လည်း မဆန်းလှတော့ဘူး။

    ဗုဒ္ဓဘာသာမှာ ဗုဒ္ဓကို ယုံကြည်ကြတယ်။ ဘယ်အပေါ်မှာ ယုံကြည်ကြသလဲလို့ မေးရင် ဗုဒ္ဓရဲ့ တန်ခိုးတော်ပေါ်မှာ မဟုတ်ပါ။ ဗုဒ္ဓရဲ့ “အတုမရှိကြီးမားတဲ့ ပညာဉာဏ်ပေါ်”မှာယုံကြည်မှစစ်မှန်တဲ့ ယုံကြည်မှုဖြစ်ပါလိမ့်မယ်။ ကာလမသုတ်ဟာ ဗုဒ္ဓရဲ့ဉာဏ်တော်ကို အစစ်ဆေးခံတဲ့၊ ဘယ်ဘာသာမှာမှမရှိ၊ ပြိုင်ဘက်ကင်းတဲ့ Unique ဖြစ်တဲ့အစမ်းသပ်ခံဖြစ်ပါတယ်။ ဗုဒ္ဓကဘယ်အရာမျိုးမှာမဆို ဉာဏသမ္ပယုတ်ဖြစ်ဖို့ မှာ ကြားခဲ့တယ်။ ဉာဏသမ္ပယုတ် (ဉာဏ + သမ္ပယုတ္တ) ဖြစ်ပြီး ဉာဏဆိုတာ (မှန်ကန်စွာသိခြင်း၊ အမှား အမှန် ခွဲခြားနိုင်ခြင်း)နဲ့ သမ္ပယုတ္တ(ယှဉ်သော၊ အမြဲအသုံးပြုသော)လို့ အဓိပ္ပာယ်ရတယ်။ အလှူ အတန်း၊ ပေးကမ်းတာကစပြီး သက်မွေးဝမ်း ကျောင်း စီးပွားရေးလုပ် ကိုင်ခြင်း၊ နိုင်ငံအဆင့်အုပ်ချုပ် စီမံခန့်ခွဲခြင်းအထိဘာလုပ်လုပ် ဉာဏနဲ့ ယှဉ်ပြီးလုပ်ကိုင်စေခြင်းဖြစ်ပါတယ်။

    ဆန့်ကျင်ဘက်က ဉာဏဝိပယုတ်ဖြစ်ပြီး ဉာဏ်မယှဉ်တဲ့လုပ်ကိုင်မှုများကို ဆိုလိုတယ်။ သတင်းတစ်ခုကို ဖတ်ပြီး သတင်းအတိုင်း အခြားတစ်ခုကို ထပ်ပြောပြတာဟာ ဉာဏဝိပ္ပယုတ် (ဉာဏ်မယှဉ်သော)မျှသာဖြစ်ပြီး Knowledge အဆင့်သာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ အဆင့်ကို ပညာအဆင့်လို့ယူဆကြတဲ့အတွက် “လုပ်ကားလုပ်၏ မဖြစ်” ဆိုတာတွေဖြစ်လာခဲ့ကြတာပါ။

ညောင်စေ့မှ ညောင်ပင်၊ ညောင်ပင်မှ ညောင်စေ့

    ရှေးလူကြီးတွေထားခဲ့တဲ့ စကားတွေဟာ အလကားတစ်ခုမှ မဟုတ်ပါဘူး။ အလှူအတန်းပြုရာမှာ “ညောင် ပင်လောက်လှူပေမယ့် ရတဲ့ကုသိုလ်က ညောင်စေ့လောက်ဖြစ်နိုင်တယ်” ဒါပေမဲ့ “ညောင်စေ့လောက်လှူရင်လည်း ညောင်ပင်လောက်ကုသိုလ်” ရနိုင်တယ် ဆိုရာမှာ ဉာဏသမ္ပယုတ်၊ ဉာဏဝိပ္ပယုတ်ဖြစ်ခြင်းတွေပေါ်မှာမူတည်လို့ဖြစ်ပါတယ်။

    ဉာဏ်ယှဉ်ပြီး စိတ်ထားတတ်ရင်ညောင်စေ့လောက်လှူပြီး ညောင်ပင်လောက်ကုသိုလ်ရတယ်။ ဉာဏ်မယှဉ်တဲ့ ကုသိုလ်ကတော့ စိတ်မထားတတ်လို့ “ညောင်ပင်လောက်လှူပေမယ့် ညောင်စေ့လောက်” ဖြစ်သွားရတာပါ။

    ဘာလုပ်လုပ်ဇော “ခုနှစ်တန်ပြဋ္ဌာန်းထားတယ်” ဇောဆိုတာအရှိန်အဟုန်နဲ့ ဖြစ်ခြင်းဖြစ်တယ်။ ပထမဇောကဒိဋ္ဌိလက်ငင်း အကျိုးပေးတယ်။ အလယ်ငါးဇောကလည်း သံသရာအထိနိဗ္ဗာန် မရောက်မခြင်းအကျိုးပေးတယ်။ နောက်ဆုံးသတ္တမဇောကကပ်လျက် ဘဝ (နောက်ဘဝ)ကို အကျိုးပေးတယ်။ ဇောတွေရဲ့ သဘာဝအရပထမဇောက အရှိန်စယူကာစမို့ အရှိန်နည်းတယ်။ တဖြည်းဖြည်းအရှိန်နဲ့ တက်ပါတယ်။

    ဉာဏသမ္ပယုတ်ဖြစ်တဲ့ (ဉာဏ်ယှဉ်တဲ့)အလှူဖြစ်ရင်ကုသိုလ်ကြီးတယ်။ စေတနာပါတဲ့စွန့်ကြဲခြင်းဖြစ်ရပါမယ်။ စွန့်ကြဲခံရသူတွေချမ်းသာစေဖို့ ရည်ရွယ်ရပါမယ်။ လှူလို့ ပြန်ရပါစေဆိုတဲ့အကြောင်းတရား ကင်းရပါမယ်။ ဝမ်းမြောက်ဝမ်းသာရှိရပါမယ်။ စေတနာသုံးတန် ပြည့်စုံရပါ့မယ်။ ပုဗ္ဗ(မလှူမီ)၊ မုဉ္စ(လှူဆဲ)၊ အပရ (လှူပြီးနောက်) စေတနာရှိရမှာ ဖြစ်ပါတယ်။ လှူဒါန်းပြီးတဲ့နောက် (အပရ)မှာ အကြိမ်ကြိမ် ဆင်ခြင်မိ၊ အကြိမ် ကြိမ် ဝမ်းမြောက်ဝမ်းသာဖြစ်ရှုထောင့်က အစစ်ဆေးခံနိုင်တာ၊ (အကြိမ်ကြိမ်ကောင်းတဲ့ဇောများဖြစ်ပြီး) ညောင်စေ့လောက်လှူတာညောင်ပင်လောက် ဖြစ်သွားရတာပါ။

    ဗုဒ္ဓရဲ့ဟောကြားချက် (လမ်းညွှန်ချက်)တွေအားလုံးယုတ္တိဗေဒ(Logic) သဘာဝကျတာကိုမြင်တွေ့ရမှာပါ။ ပြိုင်ဆိုင်လိုလို့ လှူဒါန်းတာမျိုးက စေတနာမမှန်ပါဘူး။ လောကီအကျိုး – တစ်ခုခုကို ရလိုပြီး လှူဒါန်းတာမျိုးက အကျိုးရလိုတာဖြစ်တဲ့အတွက်ကြောင့် ကုသိုလ်က အား ကောင်းမှာ မဟုတ်ပါဘူး။ ကိုယ့်စိတ်၊ ကိုယ့်စေတနာကိုကိုယ်က ကောင်းကောင်းသိနေပါတယ်။ ဒါကြောင့်ပုဗ္ဗ – မုဉ္စ – အပရစေတနာသုံး တန်နဲ့မညီညွတ်တဲ့အတွက် “ညောင်ပင်လောက်လှူပေမယ့် ကုသိုလ်အကျိုးက ညောင်စေ့လောက်” ဖြစ်သွားရတာဖြစ်ပါတယ်။

    ဗုဒ္ဓက “ဘာလုပ်လုပ်” ဉာဏသမ္ပယုတ်(ဉာဏ်ယှဉ်အလုပ်) ဖြစ်ဖို့မှာကြားခဲ့တယ်။ ဘုရားရှင်အဖြစ်ရောက်တာဟာ တန်ခိုးကြီးလို့မဟုတ်ပါ။အတုမရှိ ဉာဏ်တော်ကိုပိုင်ဆိုင်မှဘုရားဖြစ်ရတာပါ။ တန်ခိုးအရာမှာ ဧတဒဂ်ဖြစ်တဲ့ ရှင်မောဂ္ဂလန်ဟာ ရဟန္တာအဆင့်၊လက်ဝဲရံအဆင့်ပဲ ဖြစ်ပါတယ်။ ပညာအရာမှာ အတုမရှိမဟုတ်လို့ပါ။ လက်ယာရံဖြစ်တဲ့ ရှင်သာရိပုတ္တရာမှာလည်း ပညာကြီးပေမယ့် အတုမရှိပညာမဟုတ်လို့ ရဟန္တာအဆင့်သာ ဖြစ်ခွင့်ရတဲ့သဘောပါပဲ။

    မဆုံးနိုင်သေးတဲ့ သံသရာခရီးကို ဖြတ်ကြရာမှာ ဖြစ်ခဲတဲ့လူ့ဘဝရတုန်း ဘာလုပ်လုပ် ဉာဏသမ္ပယုတ်ဖြစ်ခဲ့ရင် သုဂတိဘုံမှာ ကျင်လည်ခွင့်ရပါတယ်။ နောင်ဘဝတွေမှာလဲ တိဟိတ်ပုဂ္ဂိုလ်အနေနဲ့ ဉာဏယှဉ်နိုင်တဲ့သူ ဖြစ်ပြန်ပါတယ်။ ဒါကြောင့် ဒီဘဝမှာဉာဏဝိပ္ပယုတ်ဖြစ်ခြင်းဟာ တစ်ဘဝစာလောက်လို့ မမှတ်ယူသင့်ပါ။ အလွန်အကျိုးများလှပါတယ်။

ပညာမဲ့သောအခါ

    ရှေးကကုဋေရှစ်ဆယ်သူဌေးသားရှိပါတယ်။ ဇနီးဘက်ကလည်း ကုဋေ ၈၀ ချမ်းသာတယ်။ စုစုပေါင်း ကုဋေ ၁၆ဝ ချမ်းသာတဲ့သူဌေးလင် မယားပါ။ တစ် သက်လုံး ပြည့်စုံပြီအမှတ်နဲ့ငယ်စဉ်က ပညာမသင်ခဲ့ပါဘူး။ နှစ်ဖက်မိဘတွေ မရှိကြတဲ့အခါ ကုဋေ ၁၆ဝ ချမ်းသာပေမယ့်ပညာမဲ့တဲ့အတွက်ကြောင့် လုပ်မှားကိုင်မှားတွေဖြစ်ကြပြီး အသက်ကြီးလာတဲ့အခါ ခွက်ဆွဲတောင်းစားရတဲ့ ဘဝကိုရောက်သွားခဲ့ကြတယ်။အကြောင်းရင်းက “ပညာ” ပါပဲ။ တကယ့်ဖြစ်ရပ်ပါ။ တုတ်ထမ်းပါးစပ်ရာဇဝင်မဟုတ်ပါ။

    အမေရိကန်မှာ လင်မယား နှစ်ဦး ထီပေါက်တယ်။ ဒေါ်လာသန်း ၂၇၀ ရတယ်။ အလုပ်ကထွက်ကြတယ်။ ဉာဏသမ္ပယုတ် မဖြစ်ကြဘူး။ နှစ်အနည်းငယ်အကြာမှာ လင်မယားကွဲကြတယ်။ နောက်နှစ် အနည်းငယ်အကြာမှာ ဒေါ်လာသန်း ၂၇ဝ ကုန်သွားတယ်။ အင်တာ ဗျူးမှာ ပြောသွားတာသင်ခန်းစာယူဖို့ အလွန်ကောင်းလှပါတယ်။

    “ကျွန်တော်ထီမပေါက်ရင်တောင် ကောင်းပါလိမ့်မယ်။ ခဏတာသူဌေးဖြစ်ပြီးလင်မယားကွဲသွားတာပဲ အဖတ်တင်သွားတယ်” အထည် ကြီးပျက်ဖြစ်လို့ အလုပ်လဲကောင်းကောင်းလုပ်လို့မရတော့ပဲ ဘဝကချို့တဲ့သွားခဲ့ရပါတော့တယ်။

    သီပေါမင်းဖြစ်စဉ်ကလည်းတကယ် ကြေကွဲသင်ခန်းစာ ကြီးလှပါတယ်။ သီပေါမင်းက “စာ” တတ်သူပါ။ ဒါပေမယ့် ပညာမဖြစ်ရှာဘူး။ ဉာဏဝိပ္ပယုတ်ဖြစ်သူပါ။ နန်းတွင်းရေး၊ နိုင်ငံတကာရေးကို ကောင်းစွာမသိခဲ့ဘူး။ စီမံခန့်ခွဲမှုကို မလုပ်နိုင်ခဲ့ဘူး။ ဉာဏသမ္ပယုတ်မဖြစ်ခဲ့လေတော့ နောက်ဆုံးဗြိတိသျှတွေ သိမ်း ပိုက်ခြင်းကိုခံခဲ့လိုက်ရပြီး ကိုယ်တိုင်လည်း အိန္ဒိယကိုပို့ခြင်းခံလိုက်ရတယ်။ ဇာတ်သိမ်းပိုင်းမကောင်းတဲ့၊ သမိုင်းမကောင်းတဲ့ မင်းအဖြစ် ရာဇဝင် တွင်သွားခဲ့ရရှာတယ်။

    ဒီနေရာမှာ ဘာသွားတွေ့နိုင်သလဲဆိုတော့ “စာပေ” တတ်မြောက်မှုဟာ အမှန်တကယ် “ပညာအဆင့်” မဟုတ်သေးဘူးဆိုတာကို ထင်ထင်ရှားရှားသွားတွေ့ကြရမှာပါ။

ပညာဆိုတာ

    ဒီနေ့ Knowledge ကိုတကယ့် ပညာအဆင့်လို့ ယူဆနေတာတွေကမှားယွင်းနေတယ်။ ပညာဖြစ်စေတဲ့ အဆင့်ဆင့်ကို ခွဲခြမ်းစိတ်ဖြာလိုက်မယ်ဆိုရင် –
Data – အချက်အလက်
Information – သတင်း
Knowledge – သုတပညာ
Wisdom – တတ်သိပညာ
Enlightenment – – တတ်အပ်ပညာ
    ဆိုပြီးအပိုင်းငါးပိုင်းကိုအဓိကတွေ့ရပါမယ်။အချက် အလက်တွေစုလိုက်ရင် Information ဆိုတဲ့ သတင်းအဆင့်ဖြစ်လာတယ်။ အသုံးချတတ်ရင် တစ်စုံတစ်ရာအကျိုးရှိစေတယ်။ တချို့ Information အဆင့်ကိုတောင် Knowledge နဲ့မှားပြီး ပညာဖြစ်ပြီလို့ ယူဆကြသူတွေ တွေ့ရတယ်။ သတင်းများများ ဖတ်နိုင်ရင် များများသိနိုင်ပါတယ်။ မဖတ်သူထက်ပိုသိပါတယ်။ မဖတ်ကြသူတွေထက် သတင်းတွေပိုသိလာတော့ သူ့ကိုယ်သူ “ပညာ” ဖြစ်ပြီလို့ထင်ကြတယ်။Knowledge အဆင့် ကပညာဖြစ်စေဖို့ စာသင်ခန်းတွေထဲမှာ ဘာသာရပ်များစွာသင်ရတဲ့အဆင့်ဖြစ်ပါတယ်။ ပြောရရင်တော့ “စာသိ” “စာပေသိ” အဆင့်ပဲ ဖြစ်ပါတယ်။ “မှတ်သား” ထားတာကို ပြန်ပြော၊ပြန်ဖြေရတဲ့ အဆင့်ပါ။ ဦးနှောက်ကိုပို သုံးပြီး “အသုံးချအဆင့်မဟုတ်သေးပါဘူး။ မှတ်ထား၊ ကျက်ထားတာကို ပြန်“အံ” ရတဲ့ အဆင့်ပါ။ဒါကို “သုတသိ”လို့ပဲ အဆင့်သတ်မှတ်ထားတယ်။ ပညာအဆင့်ဖြစ်ဖို့ အဓိကအခြေခံထားတဲ့အတွက်ကြောင့် အရေးကြီးတဲ့အဆင့်ဖြစ်လို့ ယေဘုယျအားဖြင့် “ပညာ”လို့ပဲ ခေါ်ဝေါ်သုံးစွဲကြလေ့ရှိတယ်။ “စာပေသိ” ”သုတ အသိ” အဆင့်ပဲဖြစ်ပြီး “ငါသိ”မဟုတ်ပါ။

     အဲဒီ Knowledge + Experience = Wisdom ဖြစ်လာပါတယ်။ Experience ဆိုတဲ့ လက်တွေ့ကျတဲ့အတွေ့အကြုံနဲ့ပေါင်းမှ တကယ့်ပညာအဆင့် Wisdom ကို ရောက်မှာပါ။ ဥပမာအားဖြင့် လှေလှော်နည်းကိုစာသင်ခန်းထဲမှာ ယေဘုယျသဘောပဲ သင်ပေးတတ်တယ်။ လက်တွေ့မြစ်ချောင်း အကွေ့တွေ၊ ရေစီးတွေကို ကိုယ်တိုင်လှော်ကြည့်မှ ဘယ်လိုလှော်ရတယ်၊ ဘယ်လိုထိန်းသိမ်းရတယ်ဆိုတာကို သိလာမှာပါ။ လက်တွေ့လှော်ကြည့်မှ ကျွမ်းကျင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် “ အတွေ့အကြုံမှာ ပညာရှာ”ဆိုတဲ့ စကားဖြစ်လာပါတော့တယ်။

    Knowledge အဆင့်နဲ့ တောလည်ရင် မုဆိုးကျားကိုက်ခံရပါလိမ့်မယ်။ တောဝက်ပက်တာခံရပါလိမ့်မယ်။ သားကောင်ငယ်တွေနဲ့ လေ့ကျင့်ပြီးမှ နောက်ဆုံးသားကောင်ကြီးတွေအဆင့်တက်ရပါတယ်။ Wisdomအဆင့်ရောက်သွားရင်ဘဝတွေ လုံခြုံသွားပါပြီ။ Wisdom Level ကျမှသာ တကယ့်ပညာအဆင့်ဖြစ်ပါတယ်။ “ငါသိ” “ငါတွေ့ပညာအဆင့်လည်း ဖြစ်ပါတယ်။ Knowedge Level က “စာသိ” အဆင့်ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စီးပွားရေးစီမံခန့်ခွဲမှုပညာသင်ပေးနေသူတွေအားလုံးစီးပွားရေး လက်တွေ့လုပ်တဲ့အခါမှာ အောင်မြင်ဖို့ခက်ခဲနေကြဆဲဖြစ်နေတာပါ။

    Enlightenment အဆင့်ကျတော့ Wisdom ရင့်ကျက်မှုထိပ်ဆုံးရောက်တဲ့အခါမှာ ရလာတဲ့ပညာ ဖြစ်ပါတယ်။ ဆင်ခြင်ရင်သိနိုင်တဲ့အဆင့်ပါ။ Wisdom Ievel ကို မဖြတ်သန်းပဲ ဒီအဆင့်ကို မရောက်နိုင်ပါဘူး။ Wisdom Level ရင့်ကျက်လာရင် တွေးတောဆင်ခြင်ကြံဆတာနဲ့ ဘာဖြစ်လာရမလဲဆိုတာအဆင့်အထိ သိလာနိုင်ပါတယ်။ “တပ်အပ်သိပညာ” “ဆင်ခြင်ပြီးသိနိုင်တဲ့ပညာ”လို့ သတ်မှတ်ပါတယ်။

    ရှေးလူကြီးတွေက “အလုပ်စခန်း” ဆိုပြီး တင် စားပြောလေ့ရှိတယ်။ အလုပ်စခန်းဆိုတာ” ကိုယ် တွေ့ဖြစ်တဲ့ လက်တွေ့ အတွေ့အကြုံကို ဆိုလိုတာပါ။ ခေတ်က အပြိုင်အဆိုင်များတဲ့ခေတ်၊ ပြိုင် ဆိုင်မှု ပြင်းထန်တဲ့ခေတ်ဖြစ်လို့ Knowledge Level လောက်မှာ တန်းမဝင်တော့ပါဘူး။ မသေရုံစားရမဲ့ အဆင့်လောက်ပဲရှိတယ်လို့ပြောရလိမ့်မယ်။ Wisdom Level မရောက်ရင် “ကိုယ်မလုံ”သေးပါဘူး။ Wisdom အဆင့်မှာတောင် ဘယ်သူ့ဓား ဘယ်လောက် “ထက်” တယ်လို့ ပြိုင်နေရတဲ့အချိန်ဖြစ်ပါတယ်။

    ဗုဒ္ဓကဘာလုပ်လုပ်ဉာဏသမ္ပယုတ်(ဉာဏယှဉ်လုပ်ဖို့) မှာခဲ့တာ ဘယ်လောက်အထိ သွေးထွက် အောင်မှန်သလဲဆိုတာ တွေ့ရပါလိမ့်မယ်။အလုပ်လုပ်ကြတာခြင်းအတူတူ တစ်ယောက်က အလုပ်ဖြစ်ပြီး၊ အခြားတစ်ယောက်က အလုပ်မဖြစ်တာ ဉာဏ်အရာအသုံးချမှုကွာခြားလို့ပဲဖြစ်ပါတယ်။

ကမ္ဘာ့လက်တွေ့နိုင်ငံရေး

Case Study (1)

    တရုတ်ကိုထိန်းချုပ်ဖို့ အမေရိကန်က အိန္ဒိယနဲ့ဆက်ဆံရေး တည်ဆောက်ထားခဲ့တယ်။ ဒါပေမယ့် မူဝါဒကိုမျက်နှာစုံက မသုံးသပ်ဘဲ စီးပွားရေးရှုထောင့် တစ်ခုတည်းကရှုမြင်ပြီးဆုံးဖြတ်ချက်ချလိုက်လို့ ပါဝါကြီးတစ်ခု ရဲ့အရွေ့ဖြစ်သွားစေခဲ့တယ်။ အိန္ဒိယအပေါ် ရုရှားက ရေနံဝယ်လို့ဆိုပြီး အပို ၂၅ ရာခိုင်နှုန်း Tariff မြှင့်လိုက်တဲ့အတွက် စုစုပေါင်းရာခိုင်နှုန်း ၅၀ ဖြစ်သွားတယ်။ အိန္ဒိယက အမေရိကန်ကို ကျောခိုင်းလိုက်ပြီး ရုရှား၊ တရုတ်တို့နဲ့ ပိုနီးစပ်သွားတယ်။ အိန္ဒိယဆိုတဲ့ ပါဝါကြီးတစ်ခုရဲ့အရွေ့က အမေရိကန်ကို နောက်ပိုင်းမှာအကြီးအကျယ်နစ်နာစေပါလိမ့်မယ်။

Case Study (2)

Qatar ကို အစ္စရေးကဝင်တိုက်တယ်။ အမေရိကန်ဆီက မီးစိမ်းမရပဲ တိုက်လို့မရပါဘူး။ နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာအချုပ်အခြာကိုချိုးဖောက်တယ်ဆိုပြီး ပင်လယ်ကွေ့ နိုင်ငံတွေသာမက အရှေ့အလယ်ပိုင်း အစ္စလာမ်နိုင်ငံတွေအပြင် OIC ၅၇ နိုင်ငံက စုစည်းမိသွားကြပြီး NATO လိုကျင့်ကြံကြမယ်ဆိုပြီးဖြစ်လာတယ်။ NATO Article – 5 မှာ တစ်နိုင်ငံကိုထိပါးရင် ကျန်နိုင်ငံတွေစုပေါင်းတုံ့ပြန်တဲ့သဘောတူညီချက်မျိုးကို OIC နိုင်ငံတွေ ကျင့်သုံးမယ်ဆိုတဲ့သဘောပါ။

    ဆွန်နီ- ရှီအိုက်နဲ့အချင်းချင်းပြဿနာရှိထားတဲ့ အရှေ့အလယ်ပိုင်းဟာ အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် အားလုံးစုစည်းမိသွားကြတာဟာ အစ္စရေးအတွက်သာမက အမေရိကန်အတွက်ပါ အလွန်ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာတော့မှာပါ။ လောလောဆယ် ကာတာက အမေရိကန် လက် နက်တွေအစား ရုရှားလက်နက်တွေကိုအစားထိုးတော့မယ်လို့ဆိုလာပါပြီ။ ဟူသီသူပုန်တွေကို ကာတာက $ 500 Million ထောက်ပံ့လိုက်တယ်။ နှစ်ပတ်အကြာမှာ ဟူသီတွေကအစ္စရေးကို ပြင်းပြင်း ထန်ထန်တိုက်ခိုက်ကြပါတော့တယ်။ ဆော်ဒီကလည်း ဟူသီတွေကို $ 90 Million ထပ်ပြီးထောက်ပံ့လိုက်ပြန်တယ်။ အခြားနိုင်ငံတွေကလည်း ထပ်ပြီး ထောက်ပံ့ကြပါလိမ့်ဦးမယ်။

    ချက်ချင်းပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကာတာကို အပြေးအလွှားသွားခဲ့ရပါတော့တယ်။ ဒါပေမဲ့ ကေဝဋ်ပုဏ္ဏား နဖူးမှာအမာရွတ်ထင်သွားခဲ့လေပြီ။

    အရှေ့အလယ်ပိုင်းက Power Shift က အင်အားအလွန်ကြီးလှပါတယ်။ အစ္စရေးအတွက်သာမက အမေရိကန်အတွက်ပါအနာဂတ်မှာကြီးမားတဲ့ စိန်ခေါ်မှုရဲ့ခြိမ်းခြောက်မှုဖြစ်လာပါလိမ့်မယ်။သူတို့ရဲ့ရေနံ လက်နက်ကိုအသုံးပြုလာပါလိမ့်မယ်။

Case Study (3)

    အမေရိကန်ရဲ့စီးပွားရေးကျဆင်းမှ တွေကို National Competitive ဖြစ်အောင် ပြန်မကြိုး စားပဲ ရေတိုမူဝါဒနဲ့ ကုစားလိုက်တယ်။ထရမ့်ရဲ့ Tariff War က နိုင်ငံတိုင်းအပေါ်ကိုသက် ရောက်ခဲ့လို့ မဟာမိတ်တွေအားလုံး ထရမ့်ကို ယုံကြည်မှုမပေးနိုင်ကြတော့ဘူး။ အထူးသဖြင့် NATO, EU နိုင်ငံတွေ အမေရိကန်နဲ့ အက်ကြောင်းကြီးပြီး ရန်သူမဟုတ်သေးပေမယ့် ယုံကြည်ရတဲ့ မိတ် ဆွေ၊ မဟာမိတ်တွေအဆင့်က အားလုံးလျော့ဆင်းသွားခဲ့ကြပြီ။ EU နိုင်ငံတချို့က တရုတ်နဲ့ စီးပွားရေးမိတ်ဖက်စပြီး လက်ကမ်းလာခဲ့ကြပြီ။ ဒါတွေရဲ့အကျိုးဆက်ကို မကြာခင် ထရမ့်အနေနဲ့သူ့သမ္မတသက်တမ်း မကုန်ခင်မှာ ခါးခါးသီးသီးခံစားရတော့မှာဖြစ်ပါတယ်။ ထရမ့်ဟာ သူ့နိုင်ငံအတွက် အလုပ်လုပ်တာမှန်ပေမယ့် ဉာဏသမ္ပယုတ် မဖြစ်လိုက်ဘူး။ ဉာဏဝိပ္ပယုတ်ဖြစ်သွားတယ်။ ရလဒ်တွေကမျှော်သလိုထွက် လာတော့မှာမဟုတ်ပါဘူး။

Case Study (4)

    ဗင်နီဇွဲလားကိစ္စရပ်ကလည်း ပြောစရာဖြစ်လာခဲ့ပါပြီ။ ရေတပ်သင်္ဘောအုပ်စုနဲ့ ဝိုင်းထားတာ နှစ်ပတ်ကျော်ကြာသွားခဲ့ပြီ။ ဘာကြောင့် Proxy မခံပဲ ကိုယ်တိုင် ဝင်သွားရတာလဲမသိပါ။ အခုတော့ တိုက်ရခက်၊ ဆုတ်ရခက်အဖြစ်ကို ရောက်သွားပြီး ခိုးထွက်လာတဲ့မူးယစ်သယ်စက်လှေတွေကိုပဲ ပစ်ခတ်နေရတဲ့အဆင့်နဲ့ ကဲ့ရဲ့ခြင်းခံနေရပါတယ်။ ဗင်နီဇွဲလားကို တိုက်လို့နိုင်ရင်လည်းနိုင်ငံသေးလေးမို့ ဘယ်သူကမှ ချီးကျူးမှာမဟုတ်ပါဘူး။ မအောင်မြင်ရင်လဲ “နှပ်” ပစ်ခံရမယ့်အခြေအနေပါ။ အရာရာဟာပညာမဲ့စွာဖြစ်ခဲ့ရင် ဉာဏသမ္ပယုတ်မဖြစ်ခဲ့ရင် “လုပ်တာလုပ်၏ အရာမထင်” ဖြစ်တတ်ပါတယ်။

#PAN