ပြင်ဆင်ပြုစုထားသည့် မဲစာရင်းများကို ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာဒုတိယပတ်ခန့်တွင် ကြေညာပေးမည်


(ပြည်တွင်း) အောက်တိုဘာ ၉

မဲစာရင်းများကို ဥပဒေနှင့်အညီ ဖြည့်စွက်ပြင်ဆင်ပြုစုထားသည့် ဒုတိယအကြိမ်မဲစာရင်းကို မဲဆန္ဒရှင်များ ထပ်မံစိစစ်ကြည့်ရှုနိုင်ရန်အတွက် နိုဝင်ဘာလဒုတိယပတ်ခန့်တွင် ကြေညာပေးမည်ဖြစ် ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က အောက်တိုဘာလ ၉ ရက်တွင် ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးပါတီတချို့က မဲစာရင်းများ မှားယွင်းမှုရှိကြောင်း ပြောကြားနေမှုများရှိနေပြီး အဆိုပါမဲစာရင်းမှားယွင်းမှုများနှင့်ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုများကို မီဒီယာများ၏ မေးမြန်းမှုအပေါ် UEC က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

ကော်မရှင်က မဲစာရင်းပြုစုခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၅ အရ မဲစာရင်းပုံစံ(၁)၏ ပူးတွဲ(၁)ပါ ဇယားအတိုင်း ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပြုစုထားသည့် လူဦးရေစာရင်းနှင့် ပုံစံ(၁)၏ ပူးတွဲ(၂)ပါဇယားအတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ပါ လူဦးရေစာရင်းများကို ရယူအခြေခံပြီး ပြုစုထားခြင်း ဖြစ်ပါတယ်။

မဲဆန္ဒရှင်များက မဲစာရင်းလာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိနိုင်မည်ဖြစ်၍ မဲစာရင်း များကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၁၃ ရက်အထိ ပထမအကြိမ်ကြေညာခြင်းကို ကပ်ထားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများကို မဲစာရင်းများလာရောက်ကြည့်ရှုရန် နိုင်ငံပိုင်မီဒီယာများ၊ သတင်းစာများ နှင့် လူမှုကွန်ရက်မီဒီယာများမှ နေ့စဉ်တိုက်တွန်း နှိုးဆော်ထားပါတယ်။

ကြေညာထားသည့် မဲစာရင်းများ ပိုမိုမှန်ကန် တိကျမှုရှိစေရေးအတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့်လည်း မဲစာရင်းများလာရောက်ကြည့်ရှု့ပြီး မဲစာရင်း၌ မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် လျှောက်ထားခြင်း၊ ကန့်ကွက်လိုပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ အချက်အလက် များ ပြင်ဆင်လိုပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ခြင်းစသည်တို့ကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်း ဥပဒေနှင့် အညီ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပုံစံများအခမဲ့ရယူ၍ လျှောက်ထားလျက်ရှိကြကြောင်း UEC က ပြောကြားထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းများ မှန်ကန်တိကျမှုရှိစေရန်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့်အညီ ဖြည့်စွက်ပြင်ဆင် ပြုစုထားသည့် ဒုတိယအကြိမ်မဲစာရင်းကို မဲဆန္ဒရှင်များ ထပ်မံစိစစ်ကြည့်ရှုနိုင်ရန်အတွက် နိုဝင်ဘာလ ဒုတိယပတ် ခန့်တွင် ကြေညာချက်များ ကပ်ထားပေးမည် ဖြစ်ကြောင်း UEC ပြောကြားချက်အရ သိရပါတယ်။

PAN