ရွှေဘိုအကြမ်းဖက် PDF အဖွဲ့ က မိလ္လာစွန့်ပစ်မော်တော်ယာဉ် တစ်စီးအား လုယက်ယူဆောင်


(မှုခင်း) အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မိလ္လာစွန့်ပစ်မော်တော်ယာဉ် တစ်စီးအား အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်အဖွဲ့ PDF က အကြမ်းဖက်လုယက်ယူဆောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် စက်မောင်း-၄ ဖြစ်သူ ရွှေဘိုမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ဦးထွေးသိန်း၊ ၅၂ နှစ်သည် တစ်ရပ်ကွက်တည်းနေ စက်မောင်းအကူဖြစ်သူ ဦးကျော်အေး၊ ၄၆ နှစ်နှင့်အတူ ဌာနပိုင် မိလ္လာစွန့်ပစ်မော်တော်ယာဉ်၊ ယာဉ်အမှတ် 5Q-XXXX နံပါတ်ပါ DONGFENG ခြောက်ဘီး မော်တော်ယာဉ်ဖြင့် အမှတ်(၁၀)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ မိလ္လာများ စုပ်ယူကာ စွန့်ပစ်ရန်အတွက် ရွှေဘိုမြို့အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာ ဥသျှစ်ကန်သုသာန်ဘက်သို့ မောင်းနှင်ထွက်ခွာလာပြီး သုသာန်အနီးအရောက်၌ အကြမ်းဖက် PDF အဖွဲ့အင်အား(စိစစ်ဆဲ) ရောက်ရှိလာသဖြင့် မော်တော်ယာဉ်အား ခေတ္တရပ်တန့်ထား၍ ၎င်းတို့ နှစ်ဦးမှ နီးစပ်ရာ ချုံပုတ်အတွင်းသို့ ထွက်ပြေးပုန်းအောင်းနေစဉ် ၎င်းအကြမ်းဖက်အဖွဲ့မှ မော်တော်ယာဉ်အား လုယက်မောင်းနှင် ယူဆောင်သွား ကြောင်း သိရသည်။

ထိုသို့ ဌာနဆိုင်ရာမော်တော်ယာဉ်များအား လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံ ရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများ၊ အပြစ်မဲ့ အရပ်သားပြည်သူ များအား ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်း၊ အဖိုးတန်ပစ္စည်းများ၊ မော်တော်ယာဉ်/ဆိုင်ကယ်များ၊ ဌာနဆိုင်ရာ မော်တော်ယာဉ်များအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက် လုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

PAN