(ပြည်တွင်း) အောက်တိုဘာ ၉

မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးနိုင်ရေးအသိပညာပေးခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကျယ်ကျယ် ပြန့်ပြန့် အရှိန်အဟုန်နဲ့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မှ အောက်တိုဘာလ ၈ ရက် နံနက်ပိုင်းက ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြောကြားခဲ့ပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ မဲဆန္ဒရှင်များ အေးချမ်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်စာရင်းများ ထုတ်ပြန်ပြီးပါက မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း ဆောင်ရွက်ရမည့် အပိုင်းလိုက်လုံခြုံရေးဆိုင်ရာများကို ကြိုတင် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒုတိယအကြိမ်မဲစာရင်းထပ်မံမကြေညာမီ နိုင်ငံသားတိုင်းဆန္ဒမဲပေးနိုင်ရန် ကျန်ရှိမှုမရှိစေရေး အတွက် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အလိုက် မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ ပါတယ်။
အဲဒီနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးမြို့၊ မြို့သစ်ရပ်ကွက်၊ မြို့မဈေးကြီးနှင့် အမှတ်(၂)ရပ်ကွက်များ၌ မဲဆန္ဒရှင်များ မဲစာရင်းလာရောက်ကြည့်ရှုနေမှုနှင့် မဲပေးစက်အသုံးပြုပုံ သရုပ်ပြခြင်းတို့အား ကြည့်ရှုခဲ့ကြပါတယ်။