မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးဘေး၌ အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် နင်းမိုင်းနင်းမိပေါက်ကွဲပြီး ဒေသခံပြည်သူ နှစ်ဦးဒဏ်ရာရရှိ၊ အသက်(၂)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး


(ပြည်တွင်း) စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ မရမ်းချောင်းကျေးရွာအဝင် မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးဘေး၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် နင်းမိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် အသက် ၂ နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ကလေးမိဘများမှာ မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကလိန်အောင်မြို့၊ မရမ်းချောင်းကျေးရွာနေ ဦးကိုဦး၊ ဇနီးဖြစ်သူ မဇာခြည်မိုးနှင့်သားဖြစ်သူ အသက် ၂ နှစ်အရွယ် မောင်မြင့်အောင်တို့ မိသားစု ၃ ဦးသည် ကလိန်အောင်မြို့မှ ဈေးဝယ်၍ ပြန်လည်ထွက်ခွာလာစဉ် ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မရမ်းချောင်းကျေးရွာ၏ တောင်ဘက် မီတာ ၈၀၀ ခန့်အကွာရှိ မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးသို့ အရောက်၌ အကြမ်းဖက်သမားများက အများပြည်သူ အဓိကသွားလာလျက်ရှိသည့် ပြည်ထောင်စုလမ်းမကြီးအား သစ်ပင်သစ်ကိုင်းများဖြင့် ပိတ်ဆို့ထားသဖြင့် အဆိုပါလမ်းမကြီးဘေးဘက်မှ ရှောင်ကွင်းမောင်းနှင်ခဲ့ရာ အကြမ်း ဖက်သောင်းကျန်းသူများထောင်ထားသည့် နင်းမိုင်း ၁ လုံးအား ဆိုင်ကယ်ဖြင့် နင်းမိပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် အသက် ၂ နှစ် အရွယ် သားဖြစ်သူမှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ပြီး မိဘများဖြစ်သည့် ဦးကိုဦး နှင့် မဇာခြည်မိုး တို့တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ရာ ၎င်းတို့အား လူမှုကူညီရေးအသင်းများမှ မော်တော်ယာဉ်များဖြင့် ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများ၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခြင်း၊ လမ်းများပိတ်ဆို့ခြင်းအပြင် ပြည်သူများထိခိုက်သေဆုံးမှုများဖြစ်ပေါ်စေရန် မိုင်းများထောင်ခြင်း၊ ချိန်ကိုက်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူအသုံးပြုလျက်ရှိသည့် အရပ်ဘက် မော်တော်ယာဉ်များအား အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်ခြင်းစသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသဖြင့် လမ်းတံတားများပျက်စီး၍ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်း၊ ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများမှာ သေဆုံး/ ဒဏ်ရာရမှုများ ဖြစ်ပေါ် လျက်ရှိခြင်းကြောင့် အဆိုပါ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသည့် အကြမ်းဖက် သောင်းကျန်းသူ များအား ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

PAN