(မှုခင်း) ဇူလိုင် ၂၀
မြန်မာ့မီးရထားမှ ပြည်သူများ သက်သောင့်သက်သာ၊ ဘေးကင်းလုံခြုံပြီး ဈေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် အဆင့်မြင့် ရထားတွဲဆိုင်းအသစ်များဖြင့် ခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိသော်လည်း စည်းကမ်းမလိုက်နာသည့် ခရီးသည်အချို့ကြောင့် အခြားခရီးသည်များ စိတ်အနှောင့်အယှက် ကြုံတွေ့နေရကြောင်း သိရသည်။

ယင်းကြောင့် ရထားစီးခရီးသည်များအနေဖြင့် ခရီးစဉ်တစ်လျှောက် သန့်ရှင်းသပ်ရပ်စွာ နေထိုင်ရန်၊ အခြားခရီးသည်များအတွက် အနှောင့်အယှက် မဖြစ်စေရန်၊ ရထားတွင်း သန့်ရှင်းမှုကို ထိန်းသိမ်းရန်၊ ကွမ်းတံတွေး မထွေးရန်၊ ထိုင်ခုံပေါ်တွင် ခြေထောက်မတင်ရန်နှင့် ထိုင်ခုံများကို စနစ်တကျ အသုံးပြုကြရန်အတွက် နိုင်ငံပိုင် သတင်းစာများနှင့် သက်ဆိုင်ရာ ရထားများပေါ်တွင် အသိပေးကြေညာချက်များ ထုတ်ပြန်ထားပြီးဖြစ်သည်။
သို့ရာတွင် ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာသည့် အမှတ် (၃) အဆန် ရန်ကုန်-မန္တလေး DEMU လူစီးအမြန်ရထားပေါ်တွင် မြန်မာ့မီးရထားနှင့် မီးရထားရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က လုံခြုံရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
စစ်ဆေးမှုအတွင်း ပထမတန်းတွဲ (၁) ရှိ ခုံအမှတ် 1D၊ 3C နှင့် 4D တို့တွင် လိုက်ပါစီးနင်းလာသည့် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ထီးတော်မိုးကျေးရွာနေ ကံကောင်း (၄၄) နှစ်၊ တံတားဦးမြို့နယ် သင်ပန်းကုန်းကျေးရွာနေ ဉာဏ်ပို (၄၈) နှစ်နှင့် မတ္တရာမြို့နယ် မင်္ဂလာသီရိကျေးရွာနေ ဇော်လင်း (၄၈) နှစ်တို့သည် အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေသော အရက်သေစာ သောက်စားမူးယစ်ခြင်းများ ပြုလုပ်ထားကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် ယင်းတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရမည်းသင်းမြို့မရဲစခန်းတွင် (ပ) ၁၆၇/၂၀၂၆ ဖြင့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈ (က) အရ အမှုဖွင့်လှစ်ထားကာ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။