(ပြည်တွင်း) ဩဂုတ် ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို တအောင်းအကြမ်းဖက်တွေဖြစ်တဲ့ TNLA က ဝင်ရောက်ထိန်းချုပ်လိုက်ပြီးတဲ့နောက် ကျောက်မဲမြို့ကဒေသခံတွေဟာ မြို့ရွာတွေနဲ့ အိုးအိမ်တွေကိုစွန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေရဲ့နေအိမ်တွေ ဘုန်းတော်ကြီးကျောင်း၊ ဘာသာရေးကျောင်းတစ်ချို့နဲ့ စာသင်ကျောင်းတွေမှာ တအောင်းအကြမ်းဖက်တွေဖြစ်တဲ့ TNLA က ဝင်ရောက် ခိုအောင်းနေတာဖြစ်လို့ တပ်မတော်က စစ်ဆင်ရေးတပ်အနေနဲ့ ရှင်းလင်းမှုပြုလုပ်နေတာဖြစ်ပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့ ည ၈ နာရီ ၅၆ မိနစ်အချိန်ခန့်က ကျောက်မဲမြို့ အရှေ့ပိုင်း၊ စည်ပင်သာယာရပ်ကွက်၊ ဆင်တောင်ကျောင်းအနီးမှာရှိတဲ့ ကုလားဘုရားကျောင်းနဲ့ စူပါကော်ဖိမစ်ဝန်းအတွင်းမှာ ခိုအောင်းနေတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေကို လေကြောင်းတိုက်ခိုက်မှု့ ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သောင်းကျန်းသူ သေဆုံးဒဏ်ရာရရှိမှုကိုတော့ သိရှိရတာမရှိဘူးလို့ သတင်းအရင်းအမြစ်ကပြောပါတယ်။
ကျောက်မဲမြို့နယ်အနီးက နောင်ချိုမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ကျောက်မဲနဲ့နောင်ချို့အကြားက နောင်ပိန်ကျေးရွာကိုတပ်မတော်ကပြန်လည်ထိန်းချုပ်လိုက်ပြီး အဲ့ဒီအနီးအနားမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောဆိုထားပါတယ်။