(နိုင်ငံတကာ) ဩဂုတ် ၂၅

ရုရှားနိုင်ငံရဲ့ အနောက်ဘက် Kurchatov မြို့မှာရှိတဲ့ Kursk Nuclear ဓာတ်အားပေးစက်ရုံကို ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်နေ့က ယူကရိန်းနိုင်ငံဟာ Sumy ဒေသကနေ နယ်စပ်ဖြတ်ကျော်ကာ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် Kursk Nuclear ဓာတ်ပေါင်းဖို နံပါတ် ၃ ရဲ့ လည်ပတ်နိုင်မှုအားဟာ ၅၀ ရာခိုင်နှုန်းအထိ လျှော့ကျခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
နူကလီးယားစက်ရုံကို မောင်းသူမဲ့လေယာဉ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် မီးလောင်မှုဖြစ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိအောင် လျင်မြန်စွာငြှိမ်းသတ်နိုင်ခဲ့ရတယ်လို့လည်း အဆိုပါစက်ရုံရဲ့ Telegram မှာ ဖော်ပြထားပါတယ်။
ယူကရိန်းရဲ့ တိုက်ခိုက်မှုဟာ “နျူကလီးယားဘေးကင်းရေးနဲ့ နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တာဖြစ်တယ်”လို့ Kursk ဒေသရဲ့ ယာယီအုပ်ချုပ်ရေးမှူး Alexander Khinshtein က ပြောဆိုထားပါတယ်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရုရှားပိုင်နက် အတွင်းကိုဝင်ရောက်လာတဲ့ ယူကရိန်းမောင်းသူမဲ့လေယာဉ် စုစုပေါင်း ၉၅ စင်းကို ကြားဖြတ် ဖြတ်တောက်နိုင်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး လာရော့ဗ်ကလည်း ယူကရိန်းအာဏာပိုင်တွေဟာ “သမ္မတပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကိုနှောင့်ယှက်နေပြီး ယူကရိန်း သမ္မတ ဇလန်းစကီး ဟာ ငြိမ်းချမ်းရေးကိုမလိုလားဘူး” လို့လည်း ပြောဆိုခဲ့ပါတယ်။
လာမယ့် သောကြာနေ့မှာ ယူကရိန်းသမ္မတ ဇလန်းစကီး နဲ့ ရုရှားသမ္မတပူတင်တို့ စစ်ပွဲအတွက် အဖြေရှာမယ့် တွေ့ဆုံမှု လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ ကန်သမ္မတ ထရွန့်က ပြောဆိုထားပြီး သံတမန်ရေးရာတွေကိုဆောင်ရွက်နေပေမဲ့ တနင်္ဂနွေနေ့အထိ နှစ်နိုင်ငံ ရှေ့တန်းစစ်မျက်နှာတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြတာဖြစ်ပါတယ်။