(မှုခင်း) သြဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာနေ ဒေါ်နီလာစိုး နေအိမ်အား သြဂုတ် ၁၂ ရက်နေ့က ဖောက်ထွင်းခိုးယူမှုခံရကြောင့် သက်ဆိုင်ရာနယ်မြေ ရဲစခန်းသို့ ၎င်း၏နေအိမ်အတွင်းမှ ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများအား နေအိမ်တွင်လူမရှိခိုက် ဝင်ရောက်ခိုးယူသွားသဖြင့် ခိုးယူသူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၂ ရက်နေ့ နေ့လည် ၁ အချိန်ခန့်တွင် ဒေါ်နီလာစိုးသည် ၎င်း၏နေအိမ်မှ ခင်ပွန်းဖြစ်သူ ဦးသိန်းလွင်၊ သားကြီး မောင်ခန့်သူ တို့နှင့်အတူ အုန်းသီးအရောင်းအဝယ်ပြုလုပ်ရန် သကံကျေးရွာအုပ်စု၊ တည်ပင်(၃)ကျေးရွာသို့သွားရောက်ခဲ့ပြီး ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သားငယ် မောင်ဘုန်းမြတ်မင်းခန့် မှာ ကျောင်းဆင်းချိန်နီး၍ ဒေါ်နီလာစိုး၏ ဖခင်ဖြစ်သူ ဦးသန်းလွင်အား နေအိမ်သို့သွားကြည့်စေခဲ့ရာ အဆိုပါနေအိမ်အတွင်းရှိ ပစ္စည်းများပြန့်ကျဲပြီး ရှုပ်ပွနေသည်ကိုတွေ့ရှိရသဖြင့် ဒေါ်နီလာစိုးထံ ဖုန်းဆက်အကြောင်းကြားခဲ့ရာ ဒေါ်နီလာစိုးနှင့် ခင်ပွန်း သားကြီးတို့ နေအိမ်သို့ပြန်လာပြီး နေအိမ်အတွင်းလိုက်လံကြည့်ရှုစစ်ဆေးရာ နေအိမ်နောက်ဖေး တံခါးမှာပွင့်နေပြီး ဧည့်ခန်းအတွင်းရှိ သစ်သားဗီဒို(၂)လုံးနှင့် အိပ်ခန်းအတွင်းထားသော သစ်သား သေတ္တာ(၁)လုံးတို့၏ တံခါးများပွင့်နေသောကြောင့် ဒေါ်နီလာစိုးမှ ၎င်းသိမ်းဆည်းထားသော ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများအား ကြည့်ရှုစစ်ဆေးရာ ရွှေထည် ပစ္စည်းနှင့် ငွေစက္ကူ၊ စုစုပေါင်းတန်ဖိုး (၁၁,၅၂၃,၇၅ဝိ/)ကျပ်ခန့်မှာ ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါ ဖောက်ထွင်းခိုးယူသူမှာ သက်ခိုင်(ခ)သက်ခိုင်ဦး ဖြစ်ပြီး၎င်းအား သြဂုတ် ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ နင်းကြမ်းကျေးရွာ၊ စံပယ်လမ်းသွယ်(၂)လမ်း နေအိမ်တွင် ဖောက်ထွင်းခိုးယူပါပစ္စည်းများနှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။