ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ အမေရိကန်-ရုရှား ထိပ်သီး ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ဆွေးနွေး


(နိုင်ငံတကာ) ဩဂုတ် ၁၄

ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တယ်လီဖုန်းပြောကြားခဲ့ကြောင်း သိရသည်။

အလက်စကာမြို့၌ ဩဂုတ်လ ၁၅ ရက်တွင် ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ပူတင် က ကင်ဂျုံအန်နှင့် ဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော် က ဩဂုတ်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာကလည်း အဆိုပါဖုန်းခေါ်ဆိုမှုနှင့်ပတ်သက်ပြီး သတင်းဖော်ပြခဲ့သည်။ အနာဂတ်တွင် ရုရှားအစိုးရဆောင်ရွက်မည့် ဆောင်ရွက်မှုအားလုံးကို အပြည့်အဝ ထောက်ခံမည် ဖြစ်ကြောင်း ကင်ဂျုံအန်၏ပြောကြားချက်ကို ကိုးကား၍ မြောက်ကိုရီးယားအစိုးရပိုင်မီဒီယာက ပြောကြားသည်။

မြောက်ကိုရီးယားခေါင်းဆောင်၏ တယ်လီဖုန်းပြောဆိုမှုအပေါ် သတင်းဖော်ပြခြင်းသည် ပထမဆုံးအကြိမ် ဖြစ် ကြောင်း ယွန်ဟတ်သတင်းဌာနက ပြောကြားခဲ့သည်။

ရုရှားနှင့်မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို မီးမောင်းထိုးပြရန် ခေါင်းဆောင်နှစ်ဦး၏ဖုန်းခေါ်ဆိုမှုကို ရှားရှားပါးပါး ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောကြားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ရုရှားသမ္မတပူတင်က မော်စကိုနှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိသည့် တရုတ်၊ အိန္ဒိယနိုင်ငံများနှင့် တယ်လီဖုန်းပြော ကြားခဲ့ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

PAN