(နိုင်ငံတကာ) ဩဂုတ် ၁၄

ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့က ဂါဇာအရေးဆွေးနွေးရန် အီဂျစ်နိုင်ငံသို့ ဩဂုတ်လ ၁၃ ရက်က ထွက်ခွာ ခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုများ ရပ်တန့်နေချိန်တွင် ဟားမတ်စ်အဖွဲ့၏ ယခုခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။
အီဂျစ်နိုင်ငံက စေ့စပ်ညှိနှိုင်းဖျန်ဖြေသူအဖြစ် ဆောင်ရွက်ပေးလျက်ရှိသည်။
ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့က အီဂျစ်အစိုးရ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံပြီး ဂါဇာဒေသ၌ ဖြစ်ပေါ်လျက်ရှိသည့် နောက်ဆုံးအခြေအနေများအပါအဝင် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုများ ပြန်လည်စတင်ရန်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ဂါဇာဒေသရှိပြည်သူများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုးရွားသည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။
လက်ရှိတွင် အစ္စရေး က ဟားမတ်စ်ကို ဖိအားများပေးလျက်ရှိပြီး ဂါဇာကမ်းမြောင်ဒေသတွင် ၎င်း၏စစ်ဆင်ရေးကို တိုးချဲ့ကာ ဒေသတွင်း၌အကြီးဆုံးမြို့ဖြစ်သည့် ဂါဇာမြို့ကိုသိမ်းပိုက်ရန် စီစဉ်နေကြောင်း သိရသည်။
အစ္စရေးမှစေ့စပ်ညှိနှိုင်းရေးမှူးများ ကာတာနိုင်ငံသို့ မကြာမီရက်အနည်းငယ်အတွင်း လာရောက်နိုင် ကြောင်း အစ္စရေးမီဒီယာက ဖော်ပြသည်။
အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ ပြန်လည်စတင်မည်လား ဆိုသည် ကိုမူ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။